နေပြည်တော် ၂၇ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ရှိ ဂွေးကုန်းကျေးရွာအုပ်စု၊ မြို့ချောင်းကျေးရွာအုပ်စု၊ ဝိုင်းကြီးကျေးရွာအုပ်စု၊ ဆီဆုံကုန်း ကျေးရွာအုပ်စုနှင့် ကင်းကျေးရွာအုပ်စုတို့တွင် ယမန်နေ့က မိုးသည်းထန်စွာရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် နေအိမ်များ၊ စာသင်ကျောင်းအချို့နှင့် ဘုန်းကြီးကျောင်းအချို့တို့ ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူများကို အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒညင်းကုန်းကျေးရွာအတွင်း နေအိမ်များ ထိခိုက်ပြိုလဲနေမှုကို လိုက်လံကြည့်ရှုကြပြီး ကျားချောင်းကျေးရွာ၊ ဓမ္မပီတိ ဝိဟာရကျောင်းတိုက်နှင့် ဒညင်းကုန်းကျေးရွာ၊ ဒညင်းကုန်း ကျောင်းတိုက်တို့တွင် ဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် မိမိတို့နိုင်ငံတွင်လည်း သဘာဝဘေးဒဏ်များကို မမျှော်လင့်ဘဲ ကြုံတွေ့ခံစားရပါကြောင်း၊ မိမိတို့အနေဖြင့် ယမန်နေ့က တိုက်ခတ်ခဲ့သော လေပြင်းဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် ဘေးသင့်ပြည်သူများအား လာရောက်အားပေး ထောက်ပံ့ခြင်းဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် အစိုးရသစ် စတက်ကတည်းက ဘေးသင့်ပြည်သူများအား အလျင်အမြန် ထောက်ပံ့ခြင်း၊ ထောက်ပံ့မှုပမာဏ တိုးမြှင့်ခြင်း၊ အလေအလွင့်မရှိအောင် ကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြောင်းလဲမှုများကို ပြည်သူများခံစားနေရပြီ ဖြစ်သော်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ ပြည်သူများအတွက် ဆောင်ရွက်မှုတိုင်းတွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည်သာ အဓိကဖြစ်၍ ပြည်သူများဆက်လက် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် အိမ်ခြေ (၆၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးများ၊ လူဦးရေ ( ၂၅၈) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်းထောက်ပံ့ငွေကျပ် (၃၃၀၇၈၀၀) နှင့် ပစ္စည်း (၁၆) မျိုးပါ ကယ်ဆယ်ရေးပုံးများကို ဘေးသင့် ပြည်သူများထံသို့ ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


