နေပြည်တော် ၂၂ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၌ ဘက်စုံသုံးဘေးဒဏ်ခံ စာသင် ကျောင်း အဆောက်အဦ (ပေ ၁၃၀ x ပေ ၃၀ x ၁၅ပေ) (၁) လုံး တည်ဆောက်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး နှင့် တာဝန်ရှိသူများ၊ ချောင်းသာမြို့ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် လိုအပ်လျက်ရှိသော ဘက်စုံသုံးဘေးဒဏ်ခံ စာသင်ကျောင်း အဆောက်အဦ ဆောက်လုပ်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်း၊ မကြာမီကျရောက်မည့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ဘေးဒဏ်များနှင့် ပတ်သက်၍လည်း အသင့်ပြင်ဆင်ထားကြရန် လိုအပ်ကြောင်း၊ COVID – 19 ရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်သည် မိုးတွင်းကာလတွင် ပိုမိုပြန့်ပွားလွယ်သည်ဟု ယူဆထားကြရာ မိမိတို့တစ်ဦးချင်းစီက ရောဂါကို ကြိုတင်ကာကွယ်နည်းများ၊ မပြန့်ပွားအောင် နေထိုင်နည်းများကို အလေ့အကျင့်ဖြစ်အောင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲဖြစ်စဉ်ကြောင့် ကမ္ဘာ့နိုင်ငံအနှံ့တွင် သဘာဝဘေးဒဏ်များ ခံစားနေကြရကြောင်း၊ လေပြင်းဘေး၊ မုန်တိုင်ဘေးနှင့် ရေကြီးရေလျှံဘေးများ ဖြစ်ပွားလေ့ရှိသည့်အပြင် ပိုမိုပြင်းထန်သည့် ဘေးဒဏ်များ ကျရောက်နိုင်သဖြင့် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိအောင် အသင့်ပြင်ထား ကြရန်လိုအပ်ကြောင်း၊ ဘေးဒဏ်များကျရောက်ပါက လူ့အသက်မဆုံးရှုံးရေးသည် အရေးအကြီးဆုံး ဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ ၂၀၁၆ ခုနှစ်မှစ၍ ဘေးသင့်ပြည်သူများ လုံခြုံစွာ ခိုလှုံနိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘေးဒဏ်ခံ အဆောက်အဦများကို အလိုအပ်ဆုံးနေရာများတွင် ရွေးချယ်၍ စုစုပေါင်းငွေကျပ် (၂၉) ဘီလီယံကျော် အကုန်အကျခံကာ စနစ်တကျ စိစစ် ဆောက်လုပ်ခဲ့ရာ ယခုအခါ စုစုပေါင်း (၂၃၃)လုံး တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ ယခုဆောက်လုပ်မည့် အဆောက်အဦသည် သဘာဝဘေးဒဏ်ကို ခံနိုင်ရည်ရှိပြီး စာသင်ကျောင်းဆောင်အနေဖြင့် လည်းကောင်း၊ အခြားရပ်ရွာ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်းကောင်း အသုံးပြုနိုင်မည့် ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ပြည်သူ့အကျိုးအတွက် ပြည်သူ့အစိုးရက စီမံခန့်ခွဲ ဆောင်ရွက်ပေးခြင်းဖြစ်ရာ ပြည်သူများအားလုံးက အကျိုးရှိစွာအသုံးချတတ်ရန်နှင့် ရေရှည် တည်တံ့ ခိုင်မြဲရန် ပူးပေါင်းတာဝန်ယူကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ ငွေကျပ် (၂၆၇ ဒသမ ၅၂၅) သန်းကိုပေးအပ်ရာ ဒေသခံများနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ချောင်းသာမြို့ဒေသခံ ပြည်သူတစ်ဦးက နိုင်ငံတော်အစိုးရ၏ ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းထောက်ပံ့မှုအတွက် ဒေသခံကပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


