နေပြည်တော် ၂၈ ဧပြီ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးအတွက် မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့် ယနေ့နံနက်ပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးသည်။
ညှိနှိုင်းအစည်းအဝေးပွဲတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်း (၃၁)ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအတွက် ထိခိုက်လွယ်အုပ်စုများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိရာ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ မသန်စွမ်းသူများအတွက်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်နေပါကြောင်း၊ ယခု ကိုဗစ်-၁၉ အရေးပေါ်အခြေအနေကို တုံ့ပြန်ရာတွင် မသန်စွမ်းသူများကို ချန်ထားခြင်းမရှိဘဲ ထည့်သွင်းဆောင်ရွက်နိုင်မည့် စီမံချက်ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံချက်အရ COVID - 19 ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို မသန်စွမ်းမှုအလိုက် မျက်မမြင်စာ၊ လက်သင်္ကေတပြ ဘာသာစကား၊ အလွယ်တကူ နားလည်လွယ်သည့်ပုံစံတို့ဖြင့် ထုတ်ဝေဖြန့်ချိနေပါကြောင်း၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီမှ တင်ပြထားသည့် မသန်စွမ်းသူများနှင့် မိသားစုများအား ထောက်ပံ့နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ အရေးပေါ်ကာလအတွင်း မသန်စွမ်းသူများ၏ လိုအပ်ချက်တို့ကို သိရှိနိုင်ရန် Rapid Assessment ပြုလုပ်ထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး စည်းလုံးညီညွတ်စွာ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အထူးသဖြင့် အသိပညာပေးလုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်ရန် လိုပါကြောင်း၊ သတင်းအမှန်များ ရရှိနိုင်ဖို့ စီစဉ်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်များကို မသန်စွမ်းမှုအလိုက် သိရှိနိုင်ရေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ထောက်ပံ့မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူနှင့် ရောဂါပိုး ရှိ / မရှိ စစ်ဆေးခံရသူ မသန်စွမ်းသူများအနေဖြင့် Quarantine နေရာများတွင် လှုပ်ရှားသွားလာမှု အဆင်ပြေရန် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မသန်စွမ်းသူများဆိုင်ရာ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီမှ တာဝန်ရှိသူများက လက်ရှိတွင် ကော်မတီ၏ ထောက်ပံ့ကူညီပေးနေမှု အခြေအနေ၊ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်လိုအပ်သည့် ကိစ္စရပ်များ၊ ကြိုတင်ကာကွယ်ရေး၊ ငွေကြေးထောက်ပံ့ရေး၊ မသန်စွမ်းသူများအတွက် Quarantine နေရာများသတ်မှတ်ရေး၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးရေးတို့နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးအတွက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


