နေပြည်တော် ၂၆ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုဗစ်-၁၉ ကာလအတွင်း ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း (ECCD)၊ ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး(ECI) လုပ်ငန်းများနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ကလေးသူငယ်များနှင့် မိဘအုပ်ထိန်းသူများအိမ်တွင် စုစုစည်းစည်း ရှိနေကြစဉ်ကာလအတွင်း ကလေးသူငယ် ဖွံ့ဖြိုးရေးအတွက် ပညာပေးခြင်း၊ မိဘများလိုက်နာဆောင်ရွက်ရမည့် အချက်များကို ပညာပေးခြင်း၊ မြန်မာ့ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ပေးသော ချစ်စရာ့အရွယ်ကစားကြမယ် အစီအစဉ်ကို ကိုဗစ်-၁၉ ကာလအတွင်း ကလေးပညာပေး၊ မိခင်ပညာပေး အစီအစဉ်အဖြစ် ဆန်းသစ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် UNICEF Myanmar, The Leprosy Mission Myanmar, Plan International Myanmar, Save the Children, World Vision International, ကရင်နှစ်ခြင်းခရစ်ယာန် အသင်းတော်နှင့် ပန်းပျိုးလက်ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက လူမှုကွန်ရက်စာမျက်နှာများတွင် ရုပ်ပုံများ၊ ကလေးပုံပြင်စာအုပ်များနှင့် ရုပ်ပုံများကို လှုပ်ရှားသက်ဝင်သည့် ဗီဒီယိုများဖြင့် ကလေးပညာပေး၊ မိခင်ပညာပေး၊ နေ့စဉ်ဆောင်ရွက်ရမည့် နည်းလမ်းများဖြန့်ဝေပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးကြသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တာဝန်ရှိသူများက ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (ECI) စီမံချက်တွင် ပါဝင်သည့် မိသားစုများ၏ လိုအပ်ချက်များ စာရင်းပြုစုနိုင်ရေး၊ လိုအပ်ချက်အလိုက် ထောက်ပံ့မှုများပေးနိုင်ရေး၊ ECI နှင့် ပတ်သက်သည့် စေတနာ့ဝန်ထမ်းများ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးရန် မဖြစ်နိုင်သေးသည့် ကာလအတွင်း သီးခြားနည်းလမ်းများဖြင့် ဆောင်ရွက်နိုင်မည့် ကိစ္စများကို ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


