နေပြည်တော်  ၁   ဇွန်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံး ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ရန် နည်းလမ်းများကို အပြည့်အဝ လိုက်နာနိုင်ရေးနှင့် တာဝန်များကျေပွန်အောင် ဆောင်ရွက်နိုင်ရေးတို့ကို ယနေ့မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးရုံးတွင် ဝန်ထမ်းများအား Video Conference ဖြင့် ဆွေးနွေးပြောကြားသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ယနေ့မှစ၍ ဝန်ထမ်းအင်အားကို ရာခိုင်နှုန်းအပြည့် ပြန်လည်တာဝန်ထမ်းဆောင်ကြပြီဖြစ်ရာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို ဝန်ထမ်းတစ်ဦးချင်းက သိရှိပြီး လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့တစ်ဦးချင်းက စည်းကမ်းလိုက်နာပါက မိမိအတွက်သာမက မိသားစု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊  ပါးစပ်နှင့် နှာခေါင်းစည်း၊ လက်သန့်ဆေးရည်ဘူးများကို ဝန်ထမ်းတိုင်း ရရှိ အသုံးပြုနိုင်စေရန် ညှိနှိုင်းဖြည့်ဆည်း ပေးထားကြောင်း၊ ဌာနတစ်ခုချင်းစီအလိုက် လက်ဆေးရန် နေရာများ တိုးချဲ့ထားရှိကြောင်း၊ လက်သန့်ဆေးရည်များ ပြန်လည်ဖြည့်ထည့် အသုံးပြုနိုင်ရန်လည်း စီမံထားရှိကြောင်း။

 

ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စည်းကမ်းနှင့်အညီ ခပ်ခွာခွာနေကြရန် သတိရှိဖို့ လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းချက်များကို မဖြစ်မနေ အပြည့်အဝလိုက်နာရမည် ဖြစ်သောကြောင့် စိတ်ဖိစီးမှု များဖြစ်ပေါ်လာနိုင်သော်လည်း ထိုထားမြစ်ကန့်သတ်ချက်များကို အလေ့အထဖြစ်အောင်  ကြိုးစား ခြင်းဖြင့် စိတ်ဖိစီးမှုများ လျော့နည်းလာမည်ဖြစ်ကြောင်း၊ အခက်အခဲများကြားမှ ကြိုးစားဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာမည် ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံ၏  ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းပြန့်နှံ့ကူးစက်မှုအနေဖြင့် အခြေအနေတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အနေ အထားတွင်ရှိကြောင်း၊ သို့သော်လည်း လုံးဝအန္တရာယ်ကင်းရှင်းပြီဟု မဆိုနိုင်သေးကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများထံမှ ရောဂါများပါလာဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်သူ များက တစ်ဦးချင်းတာဝန်ယူ၍ ကူးစက်မှုကို ဆက်လက်ထိန်းချုပ်သွား ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း များအနေဖြင့် သတိမလွတ်ကြဘဲ လုပ်ငန်းတာဝန်များ ထမ်းဆောင်ကြမှသာ မိမိတို့ကစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ဤကိစ္စကို တစ်ဦးချင်းအထူးအလေးထားမှသာ နိုင်ငံတော်က အဘက်ဘက်မှ ချင့်ချိန်၍ ဖြေလျှော့ပေးခြင်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဝန်ထမ်းအင်အားအပြည့် တာဝန်ထမ်းဆောင်ချိန်တွင် ဝန်ထမ်းများထံမှ ကောက်ယူထား သော အကြံပြုချက်များကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးထားပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးဦးစိုးအောင်က ဝန်ထမ်းများသည်လည်း ပြည်သူထဲက ပြည်သူများဖြစ်သည့် အတွက် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြည်သူများလိုက်နာရန် ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာဌာန ကြီးကြပ်သူများက မိမိတို့ဝန်ထမ်းများအား အသိပညာပေးမှုများကို မကြာခဏပြောကြားပေး စေလိုကြောင်း၊ ဝန်ထမ်းကြို/ပို့ယာဉ်များပေါ်တွင် လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း ပါးစပ်နှင့်နှာခေါင်း စည်းများကို စနစ်တကျ တပ်ဆင်ထားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အဓိကသတင်းစကား (၁၀)ချက်နှင့် ထုတ်ပြန်ပေး နေသော သိကောင်းစရာများကို ဌာနအသီးသီးရှိ အခန်းတိုင်းတွင် ထပ်ခါထပ်ခါ အသိပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာနတို့ရှိ ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ဝန်ထမ်းများက အခက်အခဲများကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ကိုဗစ်-၁၉ ကာလတွင် ဝန်ထမ်းများအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှား၍ အဆိုးထဲကအကောင်းများကို ရှာဖွေကာ ပုံစံသစ်ဖြင့် အလေ့အထဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် လိုအပ်သော ကြီးကြပ်မှုများ၊ ပံ့ပိုးကူညီမှုများ ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)