နေပြည်တော် ၁ အောက်တိုဘာ

           

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုလ်းမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပညီလာခံသို့ တက်ရောက်သည်။

           

ညီလာခံဖွင့်ပွဲအခမ်းအနားကို ကိုရီးယား အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Ms. Young-Ae Choi က အဖွင့်အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးသည်။

           

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများ အပါအဝင် ပဋိသန္ဓေတည်သည်မှစတင်၍ လူငယ်များ၊ အမျိုးသမီးများအပါအဝင် လူ့အသိုက်အဝန်း အားလုံး၏ လူ့အခွင့်အရေးတိုးမြှင့်ရေးနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့ပြီး သက်ကြီးပင်စင် စနစ်ကို ၂၀၁၇ ခုနှစ်မှ စတင်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိရာ ယခုအခါအသက် (၈၅)နှစ်အထက် သက်ကြီးရွယ်အိုအားလုံးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ကြီးပင်စင်စနစ် ဆောင်ရွက်နေပါကြောင်း၊ သက်ကြီးရွယ်အိုများအနေဖြင့် ကျန်းမာရေး ကောင်းမွန်ရန် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရန်လည်း လိုအပ်ကြောင်း၊ သက်ကြီးရွယ် အိုများအနေဖြင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာကိစ္စများတွင် ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး၊ သက်ကြီးတို့၏ အတွေ့အကြုံ၊ ဉာဏ်ပညာ၊ ဗဟုသုတတို့ကို လူငယ်တို့၏ ဆန်းသစ်သော အတွေးအခေါ်များ၊ တီထွင်ဖန်တီးနိုင်မှု စွမ်းအားများနှင့် ချိတ်ဆက်ရန်လိုပါကြောင်း၊ ယနေ့ကဲ့သို့ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်အချိန်တွင် နည်းပညာကို သက်ကြီးရွယ်အိုများ အသုံးပြုနိုင်ရန်၊ နည်းပညာ၏ အကျိုးကျေးဇူးကို သက်ကြီးများရရှိနိုင်ရန် ကြိုးပမ်းရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် သက်ကြီးများ များပြားလာရာ စနစ်အသီးသီးတို့လည်း လိုက်ပါချိန်ဆ ပြောင်းလဲရန်လိုအပ်ပါကြောင်း ပြောကြားသည်။

           

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် KOICA အဖွဲ့အစည်း၏ President, Ms. Lee Mi-kyung နှင့်တွေ့ဆုံသည်။ တွေ့ဆုံရာတွင် KOICA မြန်မာမှ World Friends Korea အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကိုရီးယားလုပ်အားပေး အစီအစဉ်များမှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် အကျိုးကျေးဇူးများ ရရှိခဲ့သည့်အတွက် အဆိုပါ အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လူမှုဝန်ထမ်းပညာရှင် (Social Worker)များ မွေးထုတ်နိုင်ရေး၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလရှည်သင်တန်းများ KOICA အစီအစဉ်ဖြင့် စေလွှတ်နိုင်ရေး၊ ရန်ကုန်မြို့တွင် တည်ထောင်ရန် လျာထားသော Social work Institute ဖွင့်လှစ်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ မိုင်းဒဏ်သင့် မသန်စွမ်းသူများအား ပြန်လည်ထူထောင်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ သက်ကြီးရွယ်အိုများအပါအဝင် အမျိုးသမီး၊ ကလေးသူငယ်တို့၏ အခွင့်အရေးများ အပြည့်အဝခံစားရရှိရေး လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် KOICA နှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့တွင် နိုဝင်ဘာလအတွင်းကျင်းပမည့် ROK-ASEAN နှစ်(၃၀)မြောက် ဆွေးနွေးပွဲတွင် KOICA မှ ပါဝင်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

           

အဆိုပါညီလာခံအား အောက်တိုဘာ ၂ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်