နေပြည်တော် ၂ အောက်တိုဘာ
ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ကျား/မ တန်းတူညီမျှရေးနှင့် မိသားစုဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံသည်။
ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ Ms. Young.Ae Choi နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှု၊ လူ့အခွင့်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံက ဆောင်ရွက်ချက်များ၊ သက်ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများဖြစ်သည့် CRC ၊ CEDAW ၊ CRPD နှင့် ICESCR တို့ကို လက်မှတ်ရေးထိုး၍ အကောင်အထည်ဖေါ်ဆောင်ရွက်နေမှု၊ Optional Protocol to the CRC on the Involvement of Children in Armed Conflict (OPAC)အား (၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လက်မှတ်ထိုးခဲ့မှု၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်မှ ပေးပို့လာသော ပြည်သူများ၏နစ်နာမှု၊ တိုင်ကြားစာများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို အရေးယူဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကော်မရှင်က လူငယ်သင်တန်းကျောင်းများ၊ ဌာနများနှင့်ပတ်သက်၍ အကြံပြုချက်များ ပေးပို့လာမှုအပေါ် အကောင်အထည်ဖေါ်ဆောင်ရွက်နေမှု၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတကြီးနှင့် ဇနီးတို့၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ကိုရီးယား - မြန်မာ နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာနိုင်မည့် အခြေအနေ၊ ကိုရီးယားအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကိုရီးယားသမ္မတနိုင်ငံ၏ " New Southern Policy" နှင့်အညီ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ကျား/မတန်းတူညီမျှရေးနှင့် မိသားစုဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး Ms. Lee Jung Ok နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြောင်းလဲမှုနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် အမျိုးသမီးများပိုမိုပါဝင်နိုင်ရေး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံအစည်းအဝေးများတွင် ကျားမတန်းတူညီမျှရေးနှင့် အမျိုးသမီးများ ပါဝင်မှုနှင့်ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ခဲ့မှု၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်နိုင်ရေး အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအား သက်ဆိုင်ရာ ဝန်ကြီးဌာနများသာမက အမျိုးသမီးအဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများပါ ပါဝင်၍ ပြောင်းလဲဖွဲ့စည်းထားမှု၊ ကျား/မအခြေပြု အကြမ်းဖက်ခြင်း ကာကွယ်တားဆီးတုံ့ပြန်ရေး ဆောင်ရွက်နေမှု၊ ကျား/မ အခြေပြုအကြမ်းဖက်မှုခံရသူများအနေဖြင့် တရားမျှတမှုရရှိရေး၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနေမှု၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွင့်လှစ်၍ သင်ကြားပေးနေမှုများ၊ ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten နှင့် Joint Communiqueအား လက်မှတ်ရေးထိုးခဲ့ပြီးနောက် အကောင်အထည်ဖေါ်ဆောင်ရွက်ရန် လုပ်ငန်းစီမံချက်ရေးဆွဲနေမှု၊ အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ နည်းပညာ ဆိုင်ရာလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်နေမှု၊ လူငယ်များ၏ အခန်းကဏ္ဍနှင့် လူငယ်မူဝါဒရေးဆွဲဆောင်ရွက်ခဲ့မှု၊ ကလေးသူငယ်များ၏ အခွင့်အရေးအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ(၂၀၁၉) ပြဌာန်းဆောင်ရွက်ခဲ့မှုများ ဆယ်ကျော်သက်ကလေးငယ်များဆိုင်ရာ ကိစ္စ၊ ကိုရီးယားသမ္မတနိုင်ငံ ကျား/မတန်းတူညီမျှရေးနှင့် မိသားစုအရေးဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


