နေပြည်တော်၊ ၅ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၌ တည်ဆောက်ထားသော ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦ ဖွင့်လှစ်နိုင်ရေးနှင့် ပြုစုစောင့်ရှောက်ပေးရမည့် ကလေးငယ်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လွှဲပြောင်းလက်ခံနိုင်ရေး ကြိုတင်ဆောင်ရွက်ထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ကလေးပြုစုရေးဌာန (နေပြည်တော်) သို့ ရောက်ရှိကြပြီး အဆောက်အဦကို လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နေ့ကလေးထိန်းနှင့် မူကြိုအရွယ်ကလေးများအတွက် သင်ထောက်ကူပစ္စည်းများ ပြင်ဆင်ထားခြင်း၊ အသက်အရွယ်အလိုက် ထားရှိရမည့်အခန်းများအား ကြိုတင်ပြင်ဆင်ခြင်း၊ ကလေးငယ်များအတွက် နို့မှုန့်၊ အာဟာရမှုန့်နှင့် အခြားရိက္ခာများ အချိန်မီဖြည့်တင်းထားခြင်း၊ အခြေခံကျန်းမာရေး သုံးပစ္စည်းများနှင့် ဆေးဝါးများ ကြိုတင်ထားရှိခြင်းနှင့် ကလေးငယ်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်ဆောင်ရွက်ထားခြင်း လုပ်ငန်းများ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ကလေးပြုစုရေးဌာနများက ကလေးငယ်များအား နေပြည်တော်သို့ ခေါ်ဆောင်ရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လိုက်နာ၍ စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ခြင်းနှင့် ကလေးငယ်များအတွက် Quarantine ထားရှိမည့်နေရာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းခြင်း လုပ်ငန်းများကို အချိန်မီပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သော ဖြည့်ဆည်းညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။
ကလေးပြုစုရေးဌာန (နေပြည်တော်)ကို ရင်ခွင့်မဲ့ကလေးငယ်များအား ပြုစုစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေကျပ် (၁)ဘီလီယံကျော်ဖြင့် အကုန်အကျခံတည်ဆောက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကလေးပြုစုရေးဌာန (နေပြည်တော်) အဆောက်အဦကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ရင်ခွင့်မဲ့ ကလေးသူငယ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းများ၊ ညွှန်ကြားချက်များနှင့်အညီ လက်ခံပြုစုစောင့်ရှောက်ရန် စံလုပ်ငန်းလမ်းညွှန်များ ရေးဆွဲထားရှိပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


