နေပြည်တော် ၁၅ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထူးကိုယ်စားလှယ်၏ ၂၀၁၈ ခုနှစ် မေလခရီးစဉ်နှင့် ယခုခရီးစဉ်အကြား များစွာသော တိုးတက်မှုများရှိကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉)ကို ပြဌာန်းနိုင်ခဲ့သည့်အပြင် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန် ဥပဒေတွင် အခန်း(၁)ခန်း သီးခြားပါရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်က ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်းဗင်းရှင်း(UN-CRC)၏ ပဋိပက္ခအတွင်း ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် နောက်ဆက်တွဲ အခြေပြစာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့ပြင် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲဆောင်ရွက်နေပါကြောင်း။
တပ်မတော်မှ နုတ်ထွက်ခွင့်ပေးလိုက်သော အရွယ်မရောက်သေးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေပါကြောင်း၊ မြန်မာနိုင်ငံ၏ လူငယ်မူဝါဒတွင် အဆိုပါလူငယ်များကို အထူးကာကွယ်စောင့်ရှောက်ကူညီပေးရန် လိုအပ်သည့်အုပ်စုတွင် ထည့်သွင်းထားပါကြောင်း၊ ပဋိပက္ခများအတွင်း အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ် တုံ့ပြန်နိုင်ရေးအတွက်ကို ပူးတွဲကြေငြာချက်အား လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကလေးသူငယ်များနှင့်ပတ်သက်သည့် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများပပျောက်စေရေး၊ ပညာရေး၊ ကျန်းမာရေးလက်လှမ်းမီစေရေး စသည့်အချက်များကို ထည့်သွင်း၍ ပြည်ထောင်စု၏ သဘောတူညီချက် လက်ရှိ(၅၁)ချက်တွင် ပါဝင်ပါကြောင်းနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်၍ ကလေးသူငယ်များ၏ အနာဂတ်ကောင်းမွန်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က အဆိုပါတိုးတက်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအနေအထားကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေကြပါကြောင်း၊ ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး၊ အရွယ်မရောက်သေးသော ကလေးများစစ်မှုထမ်းခြင်းမှ ကာကွယ်ရေးနှင့် နုတ်ထွက်ခွင့်ပေးလိုက်သော ကလေးသူငယ်များ ပြန်လည်ထူထောင်ရေးတို့တွင် ငွေအား၊ လူအားနှင့် နည်းပညာပိုင်း များစွာလိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်း၍ လိုအပ်သော အရင်းအမြစ်များကို ရယူနိုင်ပါကြောင်း၊ ကလေးသူငယ်များ ပြန်လည်ထူထောင်ရေး၊ အကူအညီအထောက်အပံ့များမှာ အချိန်အတိုင်းအတာတစ်ခုအထိသာ ပေးအပ်နိုင်မည်ဖြစ်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်းနှင့် အထူးကိုယ်စားလှယ်ရုံးမှလည်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ကလေးသူငယ်များအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် အလွန်အရေးကြီးသည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းရေး ရရှိပြီးနောက် ကလေးသူငယ်များနှင့်ပတ်သက်၍ မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးမည်၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ဆောင်ရွက်မည်ကိုကြိုတင်၍ ဆွေးနွေးသဘောတူထားရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ ငြိမ်းချမ်းရေးရရှိပြီးနောက် ကလေးသူငယ်များအနေဖြင့် ကလေးအလုပ်သမားကိစ္စများ၊ လူကုန်ကူးကိစ္စရပ်များ စသည်တို့တွင် ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း၊ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များတွင် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံစိတ်ချရေးတို့အတွက် အရေးပါပါကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုပန်းတိုင်များ ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီစေရေးအတွက် ယခုဆယ်စုနှစ်သည် အင်တိုက်အားတိုက် ဆောင်ရွက်ကြမည်ဖြစ်ပြီး အဓိက ဦးစားပေးနယ်ပယ်များအဖြစ် ကျား/မရေးရာ၊ ရာသီဥတုပြောင်းလဲမှုနှင့် ကလေးသူငယ်ဆိုင်ရာများ၌ မြန်မာနိုင်ငံက ဆောင်ရွက်နေမှုများနှင့် များစွာကိုက်ညီပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရှေ့ဆက်ဆောင်ရွက်မည့် နယ်ပယ်များအလိုက် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


