နေပြည်တော် ၁၅ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs.Christine Burgener ဦးဆောင်သောအဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အထူးကိုယ်စားလှယ်၏ ရခိုင်ပြည်နယ်ခရီးစဉ်မှ တွေ့ရှိချက် များနှင့်အမြင်များ၊ IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့်မဟာဗျုဟာ ရေးဆွဲနေမှု နောက်ဆုံးအခြအနေနှင့် မကြာမီ အတည်ပြုပြီးနောက် ဒေသအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်သွားမည့်အခြေအနေ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC)တို့ ညှိနှိုင်းဆွေးနွေးနေမှုအခြေအနေ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက် (Joint Communique )အား အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေရေးဆွဲနေမှု အခြေအနေနှင့် ကလေးသူငယ် အခွင့်ရေးဆိုင်ရာဥပဒေ မကြာမီပြဌာန်းနိုင်တော့မည့် အခြေအနေ၊ ရခိုင်ပြည်နယ် တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်မည့်အခြေအနေ၊ အသိုက်အဝန်းနှစ်ခုအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် လူမှုသဟဇာတမျှတရေးဆိုင်ရာကိစ္စရပ်များတွင် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


