ရန်ကုန် ၅ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာ (၇)ရက်မှ (၁၁)ရက်အထိ ကျင်းပမည့် အကြိမ်(၇၀)မြောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ယနေ့ ညနေပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ရောက်ရှိစဉ် ကာလအတွင်း နိုင်ငံမဲ့ဖြစ်မှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲနှင့် Nansen ဒုက္ခသည် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ ပြည်တွင်းနေရပ်စွန့်ခွာမှုများအား ကြိုတင်မှန်းဆခြင်းနှင့် ဆုံးဖြတ်ချက်ပေးနိုင်မည့် ပါဝင်ဆောင်ရွက်မှုများကို ဆွေးနွေးခြင်း၊ နိုင်ငံများအလိုက် တင်ပြချက် (Statement General Debate)တွင် ပါဝင်ဖတ်ကြားခြင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်းနှင့် သဘာဝဘေးကြောင့် နေရပ်စွန့်ခွာမှုဆိုင်ရာ ဆွေးနွေးပွဲ (General Debate) တွင် နိုင်ငံများအလိုက် တင်ပြချက်များ ပါဝင်ဖတ်ကြားခြင်း၊ ဒစ်ဂျစ်တယ် ကမ္ဘာတွင် လူသားကို ဦးစားပေးခြင်း အနာဂတ် လုပ်ငန်းစဉ်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခြင်း၊ United Nations High Commissioner for Refugees (UNHCR) အမြဲတမ်းကော်မတီ၏ ဆောင်ရွက်ချက် အစီရင်ခံစာများတင်သွင်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ မလျှော်ကန်သည့်အပြုအမူများ ကင်းဝေးသည့် လုပ်ငန်းခွင် ဖန်တီးရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


