နေပြည်တော် ၃၁ ဇန်နဝါရီ
လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ကယားပြည်နယ် လူငယ်များသမဂ္ဂအဖွဲ့လူငယ်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် လူငယ်များနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါကြောင်း၊ ပြည်သူများ၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လူငယ်များသည် အရေးပါပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများ လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေး၊ သာတူညီမျှ ခံစားရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့စေရေးအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများဖော်ဆောင်ပြီး ဆောင်ရွက်ရပါကြောင်း၊ ဒီမိုကရေစီအကူး အပြောင်းကာလတွင် အခက်အခဲများ၊ ရင်ဆိုင်ကျော်လွှားရမည့်ကိစ္စများ များစွာရှိမည်ဖြစ်ပြီး အချိန်ကာလတစ်ခုအထိ စိတ်ရှည်သည်းခံပြီး ဖြတ်သန်းကြရမည်ဖြစ်ကြောင်း။
လူငယ်များသည်ကောင်းမွန်သော လက်ဆင့်ကမ်းအမွေများယူကြရမည်ဖြစ်ပြီး ကောင်းမွန်သော လက်ဆင့်ကမ်းအမွေများကိုလည်း ပေးခဲ့နိုင်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သော အမွေများ လက်ခံယူနိုင်ရန် မိမိကိုယ်တိုင်အမြော်အမြင်၊ အသိဉာဏ်နှင့် စွမ်းရည်ပြည့်ဝရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ လူငယ်ကာလသည်အချိန်အကန့်အသတ်ရှိရာ လက်ရှိအချိန်သည် အရေးကြီးသောကြောင့် အကောင်းဆုံးကြိုးစားကြရန် လိုအပ်ကြောင်း၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီမိုကရေစီစံနှုန်းများ ရှိပါကြောင်း၊ ဒီမိုကရေစီစံနှုန်းများသည် မျှတသောရွေးကောက်ပွဲကျင်းပနိုင်ခြင်း၊ ပြည်သူ့အစိုးရ၏ ဆောင်ရွက်မှုများကို စောင့်ကြည့်ထိန်းညှိပေးနိုင်ခြင်း၊ ပြည်သူများသည် နိုင်ငံ၏အရေးကို စိတ်ပါဝင်စားလာခြင်း၊ အစိုးရ၏ဆောင်ရွက်ချက်များတွင် ပြည်သူများ ပူးပေါင်းပါဝင်နိုင်မှုအားကောင်းခြင်းနှင့် ဥပဒေဘောင်အတွင်းမှ လွတ်လပ်မှုရရှိခြင်း တို့ဖြစ်ကြောင်း၊ ထိုစံနှုန်းများနှင့် ကိုက်ညီအောင်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စည်းကမ်း၊ ဥပဒေဘောင်အတွင်းက ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များနှင့်ပတ်သက်၍ လူငယ်ရေးရာမူဝါဒကို လူငယ်များ ကိုယ်တိုင်ရွေးချယ်ပေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လူငယ်ကိုယ်စားလှယ်များက ပါဝင်ရေးဆွဲခဲ့ပါကြောင်း၊ ဘုံ သဘောတူညီချက် (၁၆)ချက်ရရှိပြီး မဟာဗျူဟာလည်း ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဒေသနှင့် ကိုက်ညီမည့် လုပ်ငန်းစဉ်များ ဆက်လက်ချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ပြန်လည်သုံးသပ် ပြင်ဆင်နိုင်ရေးအတွက်လည်း ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် လူငယ်ရေးရာ မူဝါဒနှင့်ပတ်သက်၍ ထည့်သွင်းပြင်ဆင်လိုသည့် အချက်များကို စုစည်းပြီး ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အကောင်းဆုံးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကယားပြည်နယ် လူမှုရေးဝန်ကြီးက အမှာစကားပြောကြားပြီး ကယားပြည်နယ် လူငယ်များသမဂ္ဂအဖွဲ့က လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ အားလုံးပါဝင်နိုင်ရေးကိစ္စများ၊ လူငယ်ကိုယ်စားလှယ်များကိစ္စနှင့် လူငယ်ရေးရာမူဝါဒအပေါ် သုံးသပ်ညှိနှိုင်းမှုများနှင့် ပြင်ဆင်ဖြည့်စွက်မှုများကို ဆွေးနွေးကြသည်။
ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီမှ ပြည်ထောင်စုလူငယ်ကိုယ်စားလှယ်များနှင့် ကယားပြည်နယ်လူငယ်ရေးရာ ကော်မတီမှ လူငယ်ကိုယ်စားလှယ်များက လူငယ်ရေးရာမူဝါဒ စတင်ရေးဆွဲနိုင်ရေးအတွက် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ခဲ့မှု၊ လူငယ်ရေးရာမဟာဗျူဟာရေးဆွဲခဲ့မှု၊ ကယားပြည်နယ် လူငယ်ရေးရာကော်မတီအနေဖြင့် ကယားပြည်နယ်တွင် အကောင်အထည်ဖော်ရန် ရွေးချယ်ထားသော ကဏ္ဍများ၊ လူငယ်စင်တာ တည်ဆောက်ရေးကိစ္စများနှင့် အဆိုပါကိစ္စရပ်များ ကယားပြည်နယ်တွင် ရှင်းလင်းဆွေးနွေးခဲ့မှုများကို ရှင်းလင်းပြောကြားကြရာ ကယားပြည်နယ် လူငယ်များသမဂ္ဂအဖွဲ့မှ လူငယ်များက ပြန်လည်ဆွေးနွေးမှုများပြုလုပ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
သတင်းစဉ်