နေပြည်တော် ၂၈ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတွင် နှစ်စဉ် ဖေဖော်ဝါရီလလယ်မှ မေလလယ်ခန့်အထိ လေပြင်းတိုက်ခတ် မှုများ ဖြစ်ပေါ်လေ့ရှိရာ လေပြင်းဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၌ နှစ်စဉ် လေပြင်းတိုက်ခတ်မှုများကြောင့် အိုးအိမ်အဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း၊  ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် တစ်နှစ်လျင် ပျမ်းမျှနေအိမ်ပေါင်း ၄၃၀၀၀ ကျော် အမိုးအကာများ ပျက်စီးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် အားဖြည့် ပြင်ဆင်ပေးခြင်းတို့ကို ၂၀၁၆ ခုနှစ်မှစ၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လေပြင်းဘေး ဖြစ်ပွားမှုများပြားသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်တွင် နေအိမ်ပေါင်း ၃၇၀၀၀ ကျော် ပျက်စီးမှု တဖြေးဖြေးလျော့နည်းခဲ့ပါကြောင်း။

 

ယခုနှစ်တွင် ယခင်ကာလများထက် ပျက်စီးမှုလျော့နည်းစေရန် လေပြင်းဘေးကြိုတင် ဆောင်ရွက်မှုများကို မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးများ၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီ လဆန်းပိုင်းမှစတင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိဆောင်ရွက်နေမှုများကို ယခင်နှစ် အတွေ့အကြုံများ အပေါ်မူတည်၍ လိုအပ်ချက်များကို တင်ပြကြရန်နှင့် လေပြင်းဘေးကြောင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးကို အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က လေပြင်းဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ဖြည့်စွက် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်မှုအပေါ် အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

 

သတင်းစဉ်