စစ်တွေ      မတ်

 

ရခိုင်ပြည်နယ်ဆိုင်ရာ ဆောင်ရွက်ချက်များတွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission on Enquiry - ICOE) အကြံပြုချက်များမှ အရှိန်အဟုန်မြှင့် မြန်ဆန်စွာဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခြင်း မပြုသည့် နေရပ်စွန့်ခွာသူများ နေထိုင်ရာ ကျေးရွာများထဲမှ ကျေးရွာ()ရွာကို ပြန်လည်နေရာချထားရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ကျေးရွာနေသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်ဧည့်ဂေဟာရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ရာ အကြံပြုချက် ၂၂ ချက်ပါသော အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း။

 

အကြံပြုချက်များတွင် မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍများနှင့် ပတ်သက်၍ လူမှုသဟဇာတဖြစ်စေရေး၊ ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ် စွန့်ခွာကြရသည့် ရခိုင်၊ မွတ်ဆလင်နှင့် အခြားလူနည်းစု တိုင်းရင်းသားများ၏ လိုအပ်ချက်များကို အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးတို့ကို အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား(NVC) ထုတ်ပေးခြင်းနှင့် ၎င်း၏ အကျိုးဆက်များကို ပြန်လည်သုံးသပ်၍ ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပြီး အကျိုးသက်ရောက်မှုရှိသော အကောင်အထည်ဖော်မှုများ ဖြစ်စေရေး၊  ရေရှည်ဆောင်ရွက်ရန်လိုအပ်သည့် အသက်မွေးဝမ်းကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လက်လှမ်းမီရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးတို့တွင် အဟန့်အတား အကန့်အသတ်များ ဖယ်ရှားပေးနိုင်ရေးနှင့် မိမိတို့၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို စောင့်ကြည့် အကဲဖြတ်ရေးတို့ ပါဝင်ပါကြောင်း။

 

ထိုအကြံပြုချက်အများစုသည် မိမိတို့ ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်ပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုရှိသော နေရာများတွင် ပိုမိုဆောင်ရွက်နိုင်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ သကဲ့သို့ အာဆီယံနိုင်ငံများအပါအဝင် မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို အစိုးရစတင် တာဝန်ယူစဉ်က ဖွဲ့စည်းခဲ့ပြီး ARSA အကြမ်းဖက်မှုနောက်ပိုင်း  ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာကြသူများတွင် တစ်ဖက်နိုင်ငံသို့ ထွက်ခွာခြင်းမရှိဘဲ ပြည်တွင်း နေရပ်စွန့်ခွာကြသူများကို ပြန်လည်နေရာချထားရန် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက်နိုင်ရန် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ရေးဆွဲထားရှိပြီးဖြစ်ရာ ယခုဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် ဆက်စပ်ပါကြောင်း။

 

မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ()ရွာကို ကနဦး ဦးစားပေး ရွေးချယ်ဆောင်ရွက် လျက်ရှိရာ ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လာရောက်ဆွေးနွေး ခြင်းဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရာတွင် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်း ကြောင်းလုပ်ငန်းများကို လက်လှမ်းမီရန် အဓိက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို ညှိနှိုင်းပူးပေါင်း ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုပါကြောင်း၊ ဆွေးနွေးမှုရလဒ်များအရ သက်ဆိုင်ရာလုပ်ငန်းအလိုက် မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ စောင့်ကြည့်အကဲဖြတ် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအတွက် ပြန်လည်လက်ခံရေးကို အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသကဲ့သို့ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ ကျန်ရှိသူများအတွက် ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာကျေးရွာများရှိ ကျေးရွာသူ၊ ကျေးရွာသားများ ပါဝင်ဆောင်ရွက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ပြန်လည်နေရာချထားရေး ဆောင်ရွက်ရာတွင် ယခင်ဆောင်ရွက်ခဲ့သော အတွေ့အကြုံများအပေါ် သင်ခန်းစာယူကာ တစ်ဦးတစ်ယောက်ချင်း၏ လိုအင်ဆန္ဒထက် အားလုံးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းဖြင့် ကောင်းမွန်သော အနာဂတ်ကို ရရှိခံစားနိုင် ကြမည်ဖြစ်သဖြင့် ပူးပေါင်းအဖြေရှာ ဆွေးနွေးပေးကြပါရန် ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားကော်မတီ ဖွဲ့စည်းပြီးစီးမှု အခြေအနေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမပြုသည့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများထဲမှ ကျေးရွာ()ရွာတွင် Cash for Work အစီအစဉ်ဖြင့် အနည်းဆုံး မူလအနေအထား ပြန်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေမှုအပေါ် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရန် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခြင်းမပြုသည့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများထဲမှ ကျေးရွာ()ရွာတွင် Cash for Work အစီအစဉ်ဖြင့် ပြန်လည်နေရာချထားရေး စနစ်တကျမှတ်တမ်းများဖြင့် ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ()ရွာမှ ကိုယ်စားလှယ်များက ပဒင်း - မောင်တောလမ်း ပြုပြင်ရေး၊ စာသင်ကျောင်းဆောင်များ ပြုပြင်ရေး၊ အသက်မွေးဝမ်းကြောင်း နှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ ပံ့ပိုးပေးရေး၊ ရေလုပ်ငန်းတွင် အသုံးပြုရန် လိုအပ်သော စက်လှေများနှင့် ငါးဖမ်းကိရိယာများ ပံ့ပိုးပေးရေး စသည့် လိုအပ်ချက်များနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိရာတွင် မူလအိမ်များကို ပြုပြင်ပေးခြင်း၊ လိုအပ်သောနေရာများတွင် အသစ်ပြန်လည် တည်ဆောက်ပေးခြင်း စသည့် လက်ရှိဆောင်ရွက်နေမှုများတွင် ပံ့ပိုးကူညီရန် လိုအပ်မှုများကို တင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ပူးပေါင်းဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် စစ်တွေမြို့ပေါ်ရှိ IDP စခန်းနေသူများ ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ပြည်တွင်း၌ အမှန်တကယ် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန် ရေးဆွဲဆောင်ရွက်ခဲ့မှုနှင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားပြီး အဆိုပါ အမျိုးသားအဆင့် မဟာဗျူဟာကို စခန်းနေသူများ ရှင်းလင်းစွာသိရှိ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်မှုများ၊ လူမှုသဟဇာတဖြစ်ရေးသည် ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်ကြောင်း၊ စခန်းတစ်ခုချင်းစီ၏  လိုအပ်ချက်အပေါ် မူတည်၍ လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင် ရွက်ရမည်ဖြစ်၍ ယနေ့တွေ့ဆုံမှုတွင် ထပ်မံရွှေ့ပြောင်းရမှုများကို အဆုံးသတ်နိုင်ရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းရေး ဆောင်ရွက်ရန် စီစဉ်ညှိနှိုင်းနေမှုများကို ရှင်းလင်းဆွေးနွေးကြပြီး စခန်းတာဝန်ခံများက လိုအပ်ချက်များနှင့် စခန်းနေသူများ၏ ဆန္ဒသဘောထားများကို ရှင်းလင်းတင်ပြကြသည်။

 

သတင်းစဉ်