နေပြည်တော် ၅ စက်တင်ဘာ
လူမှုစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် ရည်မှန်းချက်ပြည့်မီရေး (Social Management Information System – SMIS) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံ၏အမျိုးသားအဆင့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူမှုရေး ဝန်ဆောင်မှုအစီအစဉ်များနှင့် ငွေကြေးထောက်ပံ့သည့် အစီအစဉ်များဆက်စပ်ပါဝင်နေ ကြောင်း၊ ထောက်ပံ့ငွေများသည် ပြည်သူ့ဘဏ္ဍာများဖြစ်ကြောင်း၊ ငွေကြေးထောက်ပံ့မှုအစီအစဉ် တွင် အကျိုးခံစားခွင့်ရှိသူထံ တာဝန်ရှိသူကပေးအပ်သည့် လူမှလူသို့ပေးအပ်သောစနစ်သည် မလိုလားအပ်သောကိစ္စများ၊ စိန်ခေါ်မှုများ၊ အကန့်အသတ်များကိုကြုံတွေ့ကြရသဖြင့် ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက စိုးရိမ်ပူပန်မှုများရှိကြကြောင်း၊ ထိုကိစ္စများကိုကျော်လွှားနိုင်ရန် MIS စနစ်တစ်ခုတည်ဆောက်ခြင်းဖြင့် လုပ်ငန်းအစီအစဉ်များတွင် ပိုမိုမြန်ဆန်ထိရောက်မှုရှိပြီး အကဲဖြတ်ဆန်းစစ်မှုများလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူမှလူသို့ထောက်ပံ့သောစနစ်မှ အီလက်ထရောနစ်နည်းပညာအသုံးပြုကာ ငွေကြေးထောက်ပံ့သော စနစ်ကိုလည်း အထောက်အ ကူပြုစေမည်ဖြစ်ကြောင်း။
မဟာဗျူဟာအရ အကောင်အထည်ဖော်ရမည့်လုပ်ငန်းစဉ်များ၊ စီမံချက်များကို သတ်မှတ်ထားသော ဘဏ္ဍာရေးနှစ်များအလိုက် အချိန်မီအောင်မြင်အောင် ဆောင်ရွက်ရကြောင်း၊ ထို့ အတွက် MIS စနစ်တည်ဆောက်ရာတွင်လည်း အသုံးပြုမည့်သူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင်စနစ်၏ ဒီဇိုင်းကို အလေးထားဆွေးနွေးကာ ထည့်သွင်းတည်ဆောက်စေလိုကြောင်း၊ အဓိကအားဖြင့် မိမိတို့ဝန်ကြီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်များ၊ ရန်ပုံငွေများဖြင့် ရေရှည်စီမံအသုံးပြုနိုင်ရန်ကြိုတင်စဉ်းစား၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြော ကြားသည်။
ဆက်လက်၍ UNICEF Myanmar မှ Deputy Representative, Mr. Paul Edwards က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲတက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူများ၊ UNICEF Myanmar မှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများပါဝင်သော MIS လုပ်ငန်း အဖွဲ့ဝင်များ၊ နည်းပညာအကြံပေးပုဂ္ဂိုလ်များနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက အဖွဲ့လိုက်ဆွေးနွေးခြင်း၊ အကြံပြုချက်များရယူခြင်းကို ကဏ္ဍအလိုက်ခေါင်းစဉ်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


