နေပြည်တော် ၂၈ ဇူလိုင် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဘေးလွတ်ကင်းရာသို့ ပြောင်းရွေ့ခဲ့ရသည့်ပြည်သူများကို ဖောင်းလင်းကျေးရွာရှိ ရှင်ပင်ရွှေစောလူးဓမ္မာရုံတွင် တွေ့ဆုံအားပေးစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာအုပ်စု (၇)စုမှအိမ်ခြေ (၄၇၁)လုံးအတွက် ထောက်ပံ့ငွေစုစုပေါင်း ငွေကျပ် (၂၉၀၆၄၀ဝ)၊ ရှင်ပင်ရွှေစောလူးစေတီတော်မြတ် ကုန်းတော်မြေ ထိန်းနံရံပြုလုပ်ရန်အတွက် အလှူတော်ငွေကျပ်(၆၄) သိန်းတို့ကို ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

mdn

 

ထို့နောက် ပြည်ထောင်ဝန်ကြီးနှင့်အဖွဲ့သည် ကလေးသူငယ်များအား အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆင်ဖြူကျွန်းမြို့တွင် တည်ဆောက်လျက်ရှိသော ရွှေကျွန်းဆည်းဆာအဘိုးအဘွားစောင့်ရှောက်ရေးဂေဟာ ဆောက်လုပ်ရာနေရာသို့ရောက်ရှိကြရာ ဂေဟာစတင်တည်ထောင်သူ ဒေါက်တာကျော်ထက်အောင်နှင့် တာဝန်ရှိသူများက ဂေဟာဖြစ်ပေါ်လာပုံနှင့် ဂေဟာဆောက်လုပ်ဆဲအခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဂေဟာအတွက် ရန်ပုံငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့အောက်ကျောင်း ဘုန်းတော်ကြီးကျောင်းတွင် ထုံးမကြီးကျေးရွာမှ ရေဘေးအန္တရာယ်ကြောင့် ခေတ္တခိုလှုံနေ သော ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး လတ်တလောစားသုံးရန် ရိက္ခာဖိုးငွေကျပ်  (၂၁၄၂၀ဝ)၊ ကလေးငယ်များအတွက် စားစရာအာဟာရမုန့်များနှင့် ကစားစရာအရုပ်များကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
 
(သတင်းစဉ်)