နေပြည်တော် ၂၉ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြုပရဟိတ(စံပြ) ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို Hope Charity Myanmar Foundation က ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ Myanmar Convention Center ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ဗေဒါလမ်းသီချင်းဖြင့် ဂုဏ်ပြုသီဆို၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြန်မာပြည်အတွက် တစ်သက်တာ အကျိုးပြုမှုများကို အနုပညာရှင်များက ဂုဏ်ပြုချီးကျူးစကား ပြောကြားကြသည်။
ထို့နောက် Hope Charity Foundation ၏ ၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြု ပရဟိတ (စံပြ) ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ ပေးပို့သည့် အမှာစကားသဝဏ်လွှာ ရုပ်သံဖိုင်ကို ထုတ်လွှင့်ပြသသည်။
ယင်းနောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံးနှင့် ရုပ်ရှင်အစည်းအရုံးတို့မှ ဥက္ကဋ္ဌများက တစ်သက်တာ မြန်မာ့လူမှုအကျိုးပြု ပရဟိတ (စံပြ) ဆုကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ ပေးအပ်ရာ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယခုအခမ်းအနားတွင် Hope Charity Myanmar Foundation ၏ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများ အောင်မြင်မှုကို မြင်တွေ့ရပြီး အနုပညာနှင့် ပရဟိတ ပေါင်းစပ်ဆောင်ရွက်မှုဟု မှတ်ယူပါကြောင်း၊ အနုပညာသည် လူတို့၏ နှလုံးသားကို နူးညံ့ပျော့ပျောင်းစေပြီး ကောင်းသော ပုံဖော်မှုကို ပြုနိုင်ပါကြောင်း၊ ပရဟိတသည် လိုအပ်ချက်များကို ဖြည့်ဆည်းပြီး ပိုမိုအောင်မြင်သော လူ့အသိုင်းအဝိုင်းကို ဖြစ်ပေါ်စေပြီး အများအကျိုးပြုသည့် လုပ်ငန်းဖြစ်ကြောင်း၊ Hope Charity Myanmar Foundation သည် နိုင်ငံ၏ အနာဂတ်အတွက် မေတ္တာအပြည့်ဖြင့် အကောင်းဆုံး မျှော်လင့်ချက်ထားရှိပြီး ကိုယ်ကျိုးမဖက် ကိုယ်ချင်းစာနာ စိတ်များဖြင့် ပရဟိတလုပ်ငန်း ဆောင်ရွက်သော အဖွဲ့ဖြစ်ပြီး အနုပညာနှင့် ပေါင်းစပ်သဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကောင်းများကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
မိမိတို့ ဝန်ကြီးဌာနသည် လူမှုဒုက္ခ ခံစားနေရသူများအား ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သော ဘေးအန္တရာယ် ရင်ဆိုင်နေရသူများကို ကယ်ဆယ် ထောက်ပံ့ခြင်းနှင့် ဒုက္ခများခံစားနေရသူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် အားလုံး သာတူညီမျှ ခံစားရရှိရေး ရည်မှန်းကြိုးစားကာ မေတ္တာ၊ စေတနာ၊ ကိုယ်ချင်းစာနာမှုများဖြင့် ဆောင်ရွက်ရသောကြောင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းသည်လည်း ပရဟိတ လုပ်ငန်းပင်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး တန်းတူညီမျှ ခံစားရရှိစေရန်မှာ အစိုးရတစ်ခုတည်း ဆောင်ရွက်၍မရဘဲ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း။
Hope Charity Myanmar Foundation သည် ပြည်သူထဲက အဖွဲ့အစည်းတစ်ခုဖြစ်၍ ပြည်သူ့အကျိုးအတွက် ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ Foundation သည် လူမှုအကျိုးပြုလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်ခဲ့ပြီး ရှေ့ဆက်ကာ မျှော်လင့်ချက်ထားရှိ ဆောင်ရွက်မည်ကို သိရှိရပါကြောင်း၊ ထို့ကြောင့် အခြားလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှေ့လုပ်ငန်းစဉ်များတွင် ပိုမိုတိုးတက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Hope Charity Myanmar Foundation ဥက္ကဌ ဦးချစ်ထိုက်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြု ပရဟိတ(စံပြ) ထူးချွန်ဆုရရှိကြသူ (၁၀)ဦး၊ တိုင်းဒေသကြီး ဝန်ကြီးများ က ၂၀၁၉ ခုနှစ်အတွက် မြန်မာ့လူမှုအကျိုးပြု အထူးဆုရရှိကြသူများနှင့် ပရဟိတသံတမန်ဆု ရရှိကြသူများ၊ အခမ်းအနားဖြစ်မြောက်ရေး ကူညီပေးကြသူများနှင့် မြန်မာပရဟိတ သက်မွေးပညာ သင်တန်းကျောင်းအတွက် လှူဒါန်းကြသည့် အလှူရှင်များကို ဆုများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


