နေပြည်တော် ၁၂ နိုဝင်ဘာ

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်၌ မသန်စွမ်းအားကစားသမားများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက အဖွဲ့ချုပ်မှ ဆောင်ရွက်လျက်ရှိ သောလုပ်ငန်းများ၊ အိုလံပစ်မသန်စွမ်းအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစား ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေမှုများ၊ ဉာဏ်ရည်မသန်စွမ်း အားကစားအဖွဲ့ချုပ်အသစ် ဖွဲ့စည်းထားမှုနှင့် (၁၀)ကြိမ်မြောက် ဖိလစ်ပိုင် အရှေ့တောင်အာရှ အာကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲထားပြီး မသန်းစွမ်းသူများအတွက် အခွင့်အရေးများကိုလည်း အမျိုးသားကော်မတီ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မသန်စွမ်းသူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျုဟာများချမှတ်ခြင်း၊ မသန်စွမ်းအမျိုးအစားခွဲခြားခြင်းနှင့် အဆင့်သတ်မှတ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ပြင် ရန်ပုံငွေထူထောင်၍ စီမံချက်များချမှတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလာရောက်ခြင်းသည် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာပြီး လိုအပ်ချက်များကို ကူညီရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားသမားများအတွက် အာဟာရနို့များ ထောက်ပံ့ပေးခဲ့ပြီး မသန်စွမ်းအားကစားသမားများကို အာဟာရပိုမိုပြည့်ဝရေး ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးသည်။

 

သတင်းစဉ်