နေပြည်တော် ၂၇ ဇန်နဝါရီ
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ကော်မတီအနေ ဖြင့် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် သက်ကြီးရွယ်အို အမျိုးအစားအလိုက် အဆင့်ခွဲခြားခြင်းကို မသန်စွမ်းသူများ အဆင့်သတ်မှတ်ချက်နှင့် တိုက်ဆိုင်စိစစ်ရန်ဟူသော အချက်ကို ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် အိုသော်လည်းစွမ်းသည့် သက်ကြီးရွယ်အိုများကို လူမှုအကျိုးပြုလုပ်ငန်းများနှင့် လူ့အဖွဲ့အစည်းအတွင်း ကျန်းမာတက်ကြွစွာပါဝင်နိုင်ရန် သက်ကြီးရွယ်အိုအခွင့်အရေးများကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေကို ထုတ်ပြန်ပြီးဖြစ်၍ နည်းဥပဒေ အမြန်ဆုံးထုတ်ပြန်နိုင်ရန် အရေးကြီးပါကြောင်း၊ သက်ကြီးရွယ်အို အမျိုးအစားအလိုက် အိုမင်းစွမ်းနိုင်မှုအဆင့်ခွဲခြားပြီး ပံ့ပိုးကူညီမှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်နိုင်ရန် နည်းဥပဒေလိုအပ်ပါကြောင်း။
မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီကို နေပြည်တော်ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက် ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းဆောင် ရွက်ထားပါကြောင်း၊ ရန်ပုံငွေထူထောင်ရေးနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်းကာ သက်ကြီးသူများကိုယ်တိုင် ဦးဆောင်ပြီး မျိုးဆက် သစ်လူငယ်များ၊ လူလတ်ပိုင်းများ ပါဝင်၍ ခွဲခြားမှုမရှိဘဲ အားလုံးပါဝင်သော အချင်းချင်း ကူညီစောင့်ရှောက်ရေးအတွက် လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ ဆက်စပ်ဌာန ဆိုင်ရာများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်အကောင်အထည် ဖော်နိုင်ရန် ရန်ပုံငွေလျာထားပြီးဖြစ်ကြောင်း၊ နည်းဥပဒေ (မူကြမ်း)ကို အစိုးရအဖွဲ့ရုံးထံ အမြန်ဆုံးတင်ပြ အတည်ပြုချက်ရယူနိုင်ရေး ဆက်လက် ဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးတို့တွင် သင့်လျော် သော အထောက်အပံ့ရရှိခွင့်၊ သက်ကြီးရွယ်အိုဘဝ၌ သင့်တင့်သော ဝင်ငွေပုံမှန်ရရှိရေးနှင့် နေထိုင်မှုအဆင့်အတန်း ရရှိရေးတို့အတွက် အထောက်အပံ့ရယူခွင့်၊ စရိတ်ထောက်ပံ့မှု လိုအပ်သော မိဘဘိုးဘွားများက ၎င်းတို့၏ သားသမီးနှင့် မြေးများထံမှ စရိတ်ထောက်ပံ့မှု ရပိုင်ခွင့် စသည်ဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေတွင် ပါရှိသော အခွင့်အရေးများကို ရှင်းလင်းဆွေးနွေးပြီး တာဝန်ရှိသူများက သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေ (မူကြမ်း) အပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များနှင့် ပြင်ဆင်ထားသော နည်းဥပဒေ (မူကြမ်း)ကို ရှင်လင်းတင်ပြကြရာ တက်ရောက်လာကြသူများက အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးမှုများမှ ရရှိလာသောအချက်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပြန်လည်ညှိနှိုင်းကာ နည်းပဒေ(မူကြမ်း)ကို အတည်ပြုနိုင်ရေး အစိုးရအဖွဲ့ရုံးထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)