နေပြည်တော် ၃၁ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် အာရှ-ပစိဖိတ် လူ့အခွင့်အရေးကော်မရှင်မှ ကျွမ်းကျင်သူ Ms. Mohottalatage Thanuja Dayadari Navartne နှင့်အဖွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံသားများလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများ ခိုင်မာရေးအတွက် ဝန်ကြီးဌာနက ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုစသည့် ဦးတည်အုပ်စုများအလိုက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကာကွယ်စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု ဝန်ကြီးဌာနနှင့် အဓိကသက်ဆိုင်သော လူ့အခွင့်အရေးဆိုင်ရာစာချုပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ လူကုန်ကူးခံရသူများ၊ တပ်မတော်မှ နုတ်ထွက်ခွင့်ပေးလိုက်သော အရွယ်မရောက်သေးသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုများ တားဆီးကာကွယ်တုံ့ပြန်ရေး၊ ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ တားဆီးကာကွယ်ရေး ဆောင်ရွက်နေမှု၊ မသန်စွမ်းသူများအတွက် ဥပဒေဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးနှင့် တရားစီရင်မှု လက်လှမ်းမီနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၄)တွင် ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


