နေပြည်တော် ၁၅ သြဂုတ် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Saurabh Kumar နှင့် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများအား ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၏ မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ဒေသခံပြည်သူများ၊ လူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် စက်မှု၊ လက်မှုသင်တန်းများအား ပခုက္ကူနှင့် မြင်းခြံမြို့များတွင် အိန္ဒိယနိုင်ငံအစိုးရက စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်တွင်လည်း အလားတူ ကာလတို၊ ကာလရှည် သင်တန်းများဖွင့်လှစ်မည့်ကိစ္စ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနှင့် မြန်မာပူးပေါင်းဆောင်ရွက်မှုအရ ၅ နှစ်တာကာလအတွင်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်း၊ စုစုပေါင်း(၂၅)သန်းဖြင့် ပူးတွဲစီမံချက်များ ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
 

mdn

 

အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းအစီအစဉ်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပူးပေါင်းပါဝင်နိုင်မည့်ကိစ္စ၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ မိုင်းဒဏ်ခံစားခဲ့ရသူများအား ထောက်ပံ့ကူညီခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ IDP စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာအရ ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေး ဗဟိုဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်