နေပြည်တော် ၁၉ နိုဝင်ဘာ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်နှင့် Professor Walter Kaelin တို့အားယနေ့တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလက်ခံ တွေ့ဆုံသည်။

အမေရိကန်သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ "Strategy on Resettlement of IDPs and Closure of IDP Camps" အား ယနေ့တွင် စတင်မိတ်ဆက်နိုင်ခဲ့သည့်ကိစ္စနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်ကိစ္စ၊ ရခိုင်ပြည်နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများအား ရိက္ခာထောက်ပံ့ရေးကိစ္စ၊ နေရပ်ပြန်လည် ပို့ဆောင်ပေးနိုင်ရေးကိစ္စ၊ အိမ်ရာများ ပြန်လည်တည်ဆောက်ရေးကိစ္စ၊ ရခိုင်ပြည်နယ်တွင် အာဆီယံနှင့်ပူးပေါင်း၍ ဦးစားပေးစီမံကိန်း(၇)ခု ဆောင်ရွက်နိုင်ရေးကိစ္စ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တို့နှင့် ပတ်သက်၍ ဆောင်ရွက်နေမှု၊ အာဟာရချို့တဲ့မှုများ ပြားသော ပြည်နယ်အချို့တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT)၊ သက်ကြီး ရွယ်အိုပင်စင်ကိစ္စ၊ မသန်စွမ်းထောက်ပံ့မှု ကိစ္စရပ်များတွင် လူမျိုး/ဘာသာမရွေး ထောက်ပံ့ပေးနေမှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

Professor Walter Kaelin နှင့်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် "ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ" အား နိုင်ငံတော်အဆင့်မှ အတည်ပြုခဲ့ပြီးနောက် နိုဝင်ဘာ (၁၉)ရက်တွင် အဆိုပါမဟာဗျူဟာအား မိတ်ဆက်သည့် အခမ်းအနားကျင်းပမည့် အခြေအနေ၊ မဟာဗျူဟာအားအတည်ပြု ပြဌာန်းပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လက်တွေ့ကျသည့် အကြုံပြုချက်များနှင့် လုပ်ငန်းများ စတင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် စပ်လျဉ်း၍ ပြည်တွင်း နေရပ်စွန့်ခွာသူများ အပါအဝင် သက်ဆိုင်သည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အားလုံး သတင်းအချက်အလက်များ တိကျစွာရရှိနိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်ရေးနှင့် ထိရောက်စွာဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည့် အခြေအနေ၊ နိုင်ငံတော်မှ လက်ရှိဆောင်ရွက်နေသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို မဟာဗျူဟာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် Professor Walter Kaelin အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်