နေပြည်တော် ၂၆ အောက်တိုဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စ အင်ဒရီရာ ဖော့ခ်နာနှင့် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး မေခလာ ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သြစတြေးလျနိုင်ငံ အစိုးရ၏ ပညာသင်ဆုနှင့် သင်တန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်၊ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးများကို ငွေကြေးထောက်ပံ့ရေးအစီအစဉ် တိုးချဲ့ဆောင်ရွက် နိုင်ရေးအတွက် အသက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT Fund)မှတဆင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပြဌာန်း ခဲ့မှုနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်နေမှု၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်တုန့်ပြန်ရေးအတွက် ဥပဒေရေးဆွဲ ဆောင်ရွက် နေမှု၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာ ချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်၌ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာများနှင့် ပတ်သက်၍ သြစတြေးလျ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


