နေပြည်တော် ၁၁ ဇူလိုင်
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များ အား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ပေးအပ်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွက် ဂုဏ်ပြုလွှာများကို ဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သွားရောက်ပေးအပ်သည်။
ထိုသို့ပေးအပ်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ် လူမှုရေး ဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ်၊ (၁၀)မြို့နယ်ဆောင် Quarantine Center အဖြစ် ဖွင့်လှစ်ထားသည့်နေရာသို့ ရောက်ရှိကြပြီး မွန်ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးအပ်ပြီး စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းနှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် မွန်ပြည်နယ်အတွင်း Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၃၀၀)၊ အသက် (၅) နှစ်အောက် ကလေး (၂၀၄) ဦး၊ အသက် (၆၀) နှင့်အထက် သက်ကြီးရွယ်အို (၂၀)၊ မသန်စွမ်းသူ (၁) ဦး တို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၅,၉၆၀,၀၀၀) ကို ပြည်နယ်စခန်း တာဝန်ခံတစ်ဦးထံသို့ ပေးအပ်သည်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က Quarantine Center များတွင် အစားအသောက်စီစဉ် ချက်ပြုတ်ရေး ဆောင်ရွက်ပေးကြ သူများအတွက် ထောက်ပံ့ ငွေများ၊ ပြည်နယ်လူမှုရေးဝန်ကြီးက ကလေးသူငယ်များအတွက် COVID – 19 အသိပညာပေး စာအုပ်များကို တာဝန်ရှိသူများထံ ပေးအပ်သည်။
ယနေ့ စေတနာ့ဝန်ထမ်းဦးဆောင် အဖွဲ့က မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၁,၁၀၂) ဦးနှင့် ပရဟိတအဖွဲ့ (၇၀) အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်၍ လက်ဝယ်အရောက် ဆက်လက် ပေးအပ်သွားမည်ဖြစ်သည်။ စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အနေဖြင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပြီး သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာရင်းကျန်ရှိခြင်းနှင့် ထပ်တိုးခြင်းများရှိပါက လည်း စိစစ်၍ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများမှ တစ်ဆင့် ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်လျက်ရှိသည်။ ယနေ့ မွန်ပြည်နယ်အတွင်း ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဆုံမြို့နယ် တွင် အသစ်ဖွင့်လှစ် ထား သော ချောင်းဆုံမူလတန်းကြိုကျောင်းသို့ရောက်ရှိကြပြီး ကျောင်းဆောင်အသစ်ကို လှည့်လည် ကြည့်ရှုကာ မူလတန်းကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကိုဗစ်- ၁၉ ကာလ ထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးကို အသင့်ပြင်ဆင်ထားနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ချောင်းဆုံမြို့နယ်ရှိ ပြည်ပမှပြန်လည်ဝင်ရောက်လာကြသူများမှ အသွားအလာ ကန့်သတ်ခြင်းကာလ ပြီးဆုံးအောင် နေထိုင်ပြီးသော ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် (၅) နှစ် အောက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအတွက် တစ်ဦးလျှင် ထောက်ပံ့ ငွေကျပ် (၃) သောင်းနှုန်းဖြင့် ပေးအပ်သည်။ ဆက်လက်၍ ချောင်းဆုံမြို့၊ ကျိုက်မုနိုင်း ဘုရားသို့ သွားရောက် ဖူးမျှော် ကြည်ညိုပြီး ဘုရားဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


