အမရပူရ ၂၂ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အမရပူရမြို့၊ သံသေကပ်ကျော် ဆုတောင်းပြည့် မြတ်စွာဘုရားတန်ဆောင်း၊ အေးချမ်းသာဓမ္မကျောင်းဆောင်၊ မဟာဗောဓိသန်တောင် မြတ်စွာဘုရားတန်ဆောင်း၊ ပိန်းတန်းအစိုးရ မူလတန်းကျောင်းနှင့် သီလသမာဓိပညာ မဂ္ဂင်ဓမ္မာရုံတို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင် စခန်းများသို့ ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် ဘေးဒဏ်ခံစားရသူများအား လာရောက် အားပေးပံ့ပိုး ကူညီပေးခြင်းဖြစ်ကြောင်း၊ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ မြစ်ရေဝင်ရောက်မှုအား ပိတ်ဆို့ခြင်းနှင့် ရေနစ်မြုပ်နေရာများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရ၊ မြို့တော်စည်ပင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ဘေးဒုက္ခမျိုးသည် ခဏမျှသာ ဖြစ်ပါကြောင်း၊ စိတ်ဓာတ်မကျရန် လိုအပ်ပြီး အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးကိုလည်း အထူးဂရုစိုက်စေလိုပါကြောင်း ပြောကြားပြီး ယခင်နှစ်များ၏ ရေဘေးအတွေ့ အကြုံများနှင့်ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေဘေးသင့်ပြည်သူများအတွက် တစ်ပတ်စာ ဆန်ရိက္ခာ ဖိုးငွေကျပ် ၂၁၇၈၉၆ဝဝ အပါအဝင် ခေါက်ဆွဲခြောက်ထုပ်များ၊ ရေသန့်ဘူးများ၊ Mask များနှင့် လက်ဆေးဆပ်ပြာများကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာရိုးကျိုးပေါက်မှု ဖြစ်ပွားသည့်နေရာသို့ ရောက်ရှိပြီး တာရိုးကျိုးပေါက်မှုအား ပြန်လည်ပြုပြင် ဆောင်ရွက်ထားမှု၊ ဧရာဝတီမြစ်ရေ ဝင်ရောက်ခြင်းအား ပိတ်ဆို့နိုင်မှုနှင့် ရေဝင်ရပ်ကွက်များမှ ရေများအမြန်ဆုံး လျော့နည်းသွားစေရန် စုပ်ထုတ်ပေးနေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာကျော်လင်း၊ ဦးစိုးအောင်၊ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရေများအမြန်ဆုံး စုပ်ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှုအခြေအနေနှင့် ပံ့ပိုးကူညီပေးနိုင်မည့်ကိစ္စရပ်များ၊ နှစ်စဉ် ရေဘေးကြုံတွေ့ရသည့် ရပ်ကွက်များအတွက် ရေရှည် ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ရေစုပ်ထုတ်သည့် လုပ်ငန်းစဉ် ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည့် ရေစုပ်စက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများ အမြန်ဆုံးဝယ်ယူ အသုံးပြုနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ငွေကျပ်သိန်း ၁၀၀၀ နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ စက်သုံးဆီဖိုးငွေကျပ် ၇၀၅၆၀ဝဝ တို့ကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေဝင်ရောက်နေသည့် ကျန်တန်းရပ်ကွက်အတွင်းသို့ လှေဖြင့်သွားရောက်ကြည့်ရှုပြီး ပွဲတော်ကျောင်းတိုက်ရှိ ရေဘေးသင့် ပြည်သူများအား အားပေး ထောက်ပံ့ကာ ရေဘေးသင့်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသော အမရသုခကုသိုလ်ပြုဆေးခန်းအတွက် ထောက်ပံ့ငွေ ကျပ် (၁၀)သိန်းနှင့် ရေဘေးကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်ရန် ဖိုက်ဘာလှေ (၃)စီးတို့ကို ပွဲတော်ကျောင်း တိုက်ဆရာတော်ထံ လှူဒါန်းသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် ဘုန်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆရာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ယနေ့အထိ အမရပူရမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့သည့် ဆန်ရိက္ခာ ဖိုး၊ ခေါက်ဆွဲခြောက်နှင့် ရေသန့် စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၀၂၄၅၃ဝဝ ရှိကြောင်း သိရသည်။
သတင်းစဉ်


