နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေးတို့၌ မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင် စံနမူနာပြ တည်ဆောက်ထားသည့် အခြေအနေများကို ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊ ရေပန်းဥယျာဉ်သို့ ရောက်ရှိကြပြီး  မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာအပန်းဖြေနိုင်ရန်အတွက် ဘီးတပ်ကုလားထိုင် သွားလာနိုင်သည့်လမ်းများ၊ အမြင်အာရုံချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါ လျှောက်လမ်းများ၊ စတီးလက်ရမ်းများ တည်ဆောက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုကြပြီး မသန်စွမ်းသူများ ပိုမိုအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်မြို့မစျေးသို့ သွားရောက်ကြပြီး စျေးတန်းအပြင်လျှောက်လမ်းနှင့် အတွင်းလျှောက်လမ်းများတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် ဘီးတပ်ကုလားထိုင်သွားလာနိုင်သည့် လမ်းများ၊ သန့်စင်ခန်းများ၊  အမြင်အာရုံချို့ယွင်းသူများ အသုံးပြုနိုင်ရန် အမှတ်အသားပါလျှောက်လမ်းများ၊ စတီးလက်ရမ်းများ တည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို လှည့်လည်ကြည့်ရှုကြပြီး စျေးသူ၊ စျေးသားများနှင့်တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းကာ ပူးပေါင်းပါဝင်ပေးနိုင်ရေးအတွက် ညှိနှိုင်းပြောကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ရေပန်းဥယျာဉ်နှင့် မြို့မစျေးတို့၌ မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင် စံနမူနာ တည်ဆောက်ခြင်းကို မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့က ပူးပေါင်းတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်