ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၀

မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဟောပြောပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဆောင်ရွက်နေရသော ဌာနတစ်ခု ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှစ၍ သက်ကြီးရွယ်အိုအထိ လူ့ဂုဏ်သိက္ခာ နှင့်အညီ ရှင်သန်နေထိုင်ရေးအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများဖြင့်  ၎င်းတို့၏ လူ့အခွင့် အရေးကို အပြည့်အဝရရှိနိုင်ရန်၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်မှုများဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကို လူသားများကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ပြည့်ဝသော၊ အတွေးအခေါ်အယူအဆ မှန်ကန်သော၊ ကိုယ်ကျင့်တရားကောင်းသော လူသားစွမ်းရည် အရင်းအမြစ်များ လိုအပ်ကြောင်း၊ လူသားစွမ်းရည်အရင်းအမြစ်ကောင်းများရရန် ရှေးဦး အရွယ်ထဲက ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုနှင့် ခန္ဓာကိုယ်ပုံမှန်ကြီးထွားမှုများအတွက် လေ့ကျင့် ပျိုးထောင်ကြရမည်ဖြစ်ကြောင်း၊ လူသားတစ်ဦးချင်း မိမိတို့၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှု များအတွက် ကြိုးစားဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေမည့်ကိစ္စများကို ဖယ်ရှားရ မည်ဖြစ်ကြောင်း၊ ၎င်းကိစ္စများတွင် မူးယစ်ဆေးဝါးအန္တရာယ်သည် အဟန့်အတားဖြစ်စေ မည့် အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း။

မူးယစ်ဆေးဝါးကြောင့် ကျန်းမာရေး၊ လူ့ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စာရိတ္တများ ထိခိုက်ကျဆင်းပြီး လူမှုပတ်ဝန်းကျင်တွင် ရပ်တည်မှုခဲယဉ်းသွားမည်ဖြစ်ကြောင်း၊ မူးယစ် ဆေးဝါးကို စမ်းသပ်သုံးစွဲမှုမပြုလုပ်ကြရန် ငယ်စဉ်ဘဝထဲက အသိပညာပေးဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် မိမိတို့မိသားစု၏တာဝန်များကို ယူကြရသကဲ့သို့ ပြည်သူ လူထု၏တာဝန်ကိုလည်း ထမ်းဆောင်ကြရသည့်အတွက် တာဝန်ကြီးပါကြောင်း၊ မူးယစ်ဆေး ဝါးများသည် လက်လှမ်းမီသောနေရာတွင် ရောက်ရှိနေသဖြင့် ဝန်ထမ်းများအနေဖြင့် မသုံးစွဲမိရန်နှင့် လက်ဝယ်ထားရှိခြင်းမပြုကြရန် အရေးကြီးကြောင်း၊ စမ်းသပ်သုံးစွဲမိခြင်းနှင့် လက်ဝယ်ထားရှိမိခြင်းသည် ထောင်ချောက်မိခြင်းဖြစ်ပြီး အန္တရာယ်ကျရောက်မည်ဖြစ်သည် ကို သတိမူကြရမည်ဖြစ်ကြောင်း၊ စတင်သုံးစွဲမှုပြုမိ၍ ဘဝပျက်နေသော ဆေးစွဲသူများကို ဆေးဖြတ်ပေးပြီး ပြန်လည်ထူထောင်ရေးလုပ်ပေးရန်သည် မိမိတို့၏ တာဝန်ဖြစ်၍ မိမိတို့ အနေဖြင့် အသိနှင့် သတိယှဉ်ကာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ အပါအဝင် ပြည်သူများ မူးယစ်သံသရာထဲ မကျရောက်ရန် အရေးကြီးကြောင်း၊ အနာဂါတ်မျိုးဆက်သစ် များကို ကောင်းမွန်သည့်လက်ဆင့်ကမ်းအမွေပေးနိုင်ရန် မိမိတို့အနေဖြင့် တာဝန်ဝတ္တရားများကို အကောင်းဆုံးလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ မူးယစ်သံသရာမှ ရုန်းထွက်ရန် လုပ်ဆောင်ရာတွင် ထိရောက်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ပေါ်ပေါက်ရန် လိုအပ် နေပါကြောင်း၊ ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထက်သန်သည့် စိတ်စွမ်းအားဖြင့် မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ကြစေရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။    

ထို့နောက် ပြန်လည်ထူထောင်ရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ ဌာနခွဲမှူး ဒုတိယရဲမှူးကြီးရဲနိုင်၊ သုတေသန၊ သတင်းအချက်အလက်ဌာနခွဲ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ကုတင် - ၁၀ဝ၀ ) ကုသရေးဉီးစီးဌာနမှ ပါမောက္ခဒေါက်တာဆန်းလင်းနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးဒေါ်သူသူဖေတို့က မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေး လုပ်ငန်း များနှင့် ကျန်းမာရေးဆိုင်ရာများကို အသိပညာပေးဟောပြော ဆွေးနွေးကြသည်။

(သတင်းစဉ်)