နေပြည်တော် ၂၁ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ရှိ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစီမံချက်များ အောင်မြင်စေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး ဝန်ကြီးဌာနအသီးသီးက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများအနေဖြင့် လုပ်ငန်းတာဝန်များ မတူညီကြသော်လည်း ပြည်သူများ၏ အကျိုးအတွက် ဆောင်ရွက်ခြင်းသည် တူညီသောအချက်ဖြစ်ကြောင်း၊ ပြည်သူအကျိုးရှိမည့် အပြောင်းအလဲများကို ဖော်ဆောင်ရာတွင် အားလုံးပူပေါင်းဆောင်ရွက်မှုဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားမူဝါဒများ၊ မဟာဗျူဟာများသည် တူညီမည်ဖြစ်သော်လည်း လက်တွေ့အကောင်ထည်ဖော်မှုများတွင် မိမိတို့နေရာ ဒေသအလိုက်ကွဲပြားသော လုပ်ငန်းစီမံချက်များကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့တွေ့ဆုံခြင်းဖြင့် အတွေ့အကြုံများ ဖလှယ်နိုင်ကြမည်ဖြစ်ပြီး စိန်ခေါ်မှုများကို ဖြေရှင်းပုံနည်းလမ်းများသည် မူဝါဒများ၊ မဟာဗျူဟာများနှင့်ကိုက်ညီမှု ရှိ၊ မရှိကို ဆန်းစစ်နိုင်ကြမည်ဟုယုံကြည်ကြောင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း၊ ပထမဦးစွာမိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခု၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်လိုကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပို၍အရေးကြီးသည်မှာ ပြည်သူများ၏အသံများကို နားထောင်ပြီး ပြည်သူများ၏ ပါဝင်မှုဖြင့် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးထားသော ကုလသမဂ္ဂကွန်ဗင်းရှင်းများကိုလည်း သိရှိလေ့လာထားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်က ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းစွာ သဘောပေါက်နားလည်၍ ပြည်သူများ၏ အကျိုးကိုကာကွယ်စောင့်ရှောက် မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ ဝန်ထမ်းအားလုံးသည် အချင်းချင်းစာနာစိတ်ဖြင့် စည်းလုံးညီညွတ်စွာတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က ဌာနအသီးသီး၏ လုပ်ငန်းလိုအပ်ချက်များ၊ သတိပြုလိုက်နာရန် အချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဌာနလုပ်ငန်းအလိုက် အားသာချက်၊ အားနည်းချက်များ၊ စိန်ခေါ်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။ အစည်းအဝေးကို ယနေ့အထိ နှစ်ရက်တာကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်