နေပြည်တော် ၄ ဖေဖော်ဝါရီ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)  အကောင်အထည်ဖော်မှုဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးကဏ္ဍကို ဆောင်ရွက်ရာတွင် အားလုံးသာတူညီမျှခံစားရရှိရေးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်ပါကြောင်း၊ MCCT အစီအစဉ်ကို အားလုံးသာတူညီမျှဖြစ်အောင် ကြိုးစားရာ၌ ရန်ပုံငွေအနေအထား အကန့်အသတ်များရှိသောကြောင့် အညွှန်းကိန်းများအရ ဦးစားပေးစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (Maternal and Child Cash Transfer – MCCT) အစီအစဉ်သည် အနာဂါတ်နိုင်ငံတော်အတွက် လူသားအရင်းအမြစ် ကောင်းများပေါ်ထွက်ရေး ရေရှည်အကျိုးအတွက်ဖြစ်ပြီး လတ်တလော အကျိုးကျေးဇူးအဖြစ် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပိုမိုထိရောက်လာမည်ဖြစ်ကြောင်း။

MCCT အစီအစဉ် အကောင်အထည်ဖော်မှု၏ ဦးစားပေးအဆင့်တွင် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် ထိပ်ဆုံးကပါဝင်ခဲ့ပါကြောင်း၊ ထို့နောက် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို တိုးချဲ့ပြီး ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ တိုးချဲ့ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ စီမံချက်များ တိုးချဲ့နိုင်ရေးအတွက် ဘဏ္ဍာငွေလိုအပ်ချက်ရှိပါကြောင်း၊ နိုင်ငံ၏ ဘဏ္ဍာငွေများအပြင် မိတ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီများကို ယူရပါကြောင်း၊ MCCT  အစီအစဉ်ကို တိုးချဲ့နိုင်ရေးနှင့် ဘဏ္ဍာငွေရရှိရေးသည် လုပ်ငန်း၏ အကျိုးရလဒ် မည်မျှရှိသည်ကို ချိန်ထိုးပြရန် ရလဒ်ကောင်းများရရှိရေးသည် အရေးကြီးပါကြောင်း၊ MCCT အစီအစဉ်၏ လုပ်ငန်းစဉ်တစ်ခုလုံးကို စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် ဆန်းစစ်မှုပြုခြင်းများမှ ရရှိသည့် အစီရင်ခံစာအဖြေများသည် အရေးကြီးပြီး အဖြေများအပေါ်မူတည်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပြန်လည်ဆန်းစစ်ကြရမည်ဖြစ်ကြောင်း။

ယခုကဲ့သို့ ကနဦးဆန်းစစ်ချက် အစီရင်စာပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် ဆန်းစစ်ခြင်းကို ထိရောက်စွာဆောင်ရွက်နိုင်ရန်  လုပ်ငန်းစတင်ဆောင်ရွက်စဉ်ကပင် ကနဦးဆန်းစစ်ခြင်း၊ ငွေကြေးထောက်ပံ့ပြီးနောက် စောင့်ကြည့်ကြီးကြပ်ခြင်း၊  ထွက်ပေါ်လာမည့်ရလဒ်များကို ကာလအလိုက် ဆန်းစစ်ခြင်းနှင့် အရေးကြီးပြီး အချိန်ကာလတစ်ခုအထိ စောင့်ရသည့် အကျိုးသက်ရောက်မှုဆန်းစစ်ခြင်းတို့ကို ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ MCCT လုပ်ငန်းသည် ကလေးဘဝ ရက်(၁၀၀၀)ကာလအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အကောင်အထည်ဖော်မှုဆိုင်ရာ ဆန်းစစ်ချက်ဗီဒီယိုကို ပြသပြီး MCCT အကောင်အထည်ဖော်မှုဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာစာအုပ်ကို တာဝန်ယူဆောင်ရွက်ပေးခဲ့သော IPE Global Enterprise  မှ  အဖွဲ့ခေါင်းဆောင်က ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ လူမှုရေးဝန်ကြီးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်