နေပြည်တော် ၆ သြဂုတ် 

ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေးပွဲ အစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပရာ “ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးအတွက် လက်ရှိဆောင်ရွက်ထားမှုများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်းကဏ္ဍတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Chair အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်က Co-Chair အဖြစ်လည်းကောင်း ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးအေးမင်းသူ၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ငလျင်ဘေးအန္တရာယ်မှာ ကြိုတင်ခန့်မှန်း၍မရဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်ကြောင်း၊ ဖြစ်လျှင် ပြည်သူများ ခံစားရမည်ဖြစ်ကြောင်း၊ ခံစားရခြင်းထက် ခံနိုင်ရည်ရှိအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ရေးသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ ငလျင်နှင့် ပတ်သက်၍ အသိနှင့် သတိရှိရန် လိုအပ်ကြောင်း၊ ပြည်သူများကို ကျယ်ပြန့်စွာ အသိပညာပေး ရန်လိုအပ်ကြောင်း၊ ဒေသအလိုက် ထိခိုင်ပျက်စီးနိုင်သည့် အခြေအနေများကို သတိပြု၍ ကြိုတင်ပြင်ဆင်မှုများ စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် ရေးဆွဲထုတ်ပြန်ထားပြီး လက်ရှိကြို တင်ပြင်ဆင်ထားမှုများနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ရာ သုံးသပ်အကြံပြုချက်များ ရယူလိုပါကြောင်း အဖွင့်ဆွေးနွေးပြောကြားသည်။  

ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အဆောက်အအုံများ၏ မြေငလျင် အန္တရာယ်ဖြစ်နိုင်မှုအခြေ အနေများကို ဆန်းစစ်ဖော်ထုတ်ချက်များ၊ အဆောက်အအုံများအား Building Code နှင့်အညီ ဆောက်လုပ်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ယခုထက်ပိုမိုအင်အား တောင့်တင်းလာရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။ 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူလူထုကို အသိပညာပေးထားရှိမှု၊ ဆောင်ရွက်လျက်ရှိသော Earthquake Forum များ၊ ငလျင်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှု အခြေအနေများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် လူအင်အားပစ္စည်း အင်အားစုဖွဲ့ထားရှိမှု အခြေအနေများ၊ ငလျင်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးအေးမင်းသူက မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဖြစ်နိုင်ခြေဒေသများဖော်ထုတ်မှု၊ ထိခိုက်နိုင်ခြေမြင့်မားသည့် နေရာများတွင် အသိပညာပေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်မှု၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများ၊ ငလျင်တုံ့ပြန်ဆောင်ရွက်မှုအား တပ်ဖွဲ့အဆင့် လက်တွေ့လေ့ကျင့်သည့်အခြေအနေများ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ၏ အခြေအနေများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးသည်။

ယင်းနောက် မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးဝင်းက မိသတ်ဦးစီးဌာနအနေဖြင့် တာဝန်ခွဲဝေဆောင်ရွက်နေမှု၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားမှုအခြေအနေ၊ လက်တွေ့ သရုပ်ပြလေ့ကျင့်ထားရှိမှု အခြေနေများကို အပိုင်း(၃)ပိုင်းခွဲခြား၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိူးမင်းထွေးက မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် ငလျင်ဘေးနှင့် ဆူနာမီဘေးများအပေါ် လေ့လာသုံးသပ်မှုအခြေအနေ၊ ငလျင်ပြတ်ရွေ့ကြောများ တည်ရှိမှုအခြေအနေ၊ မြေငလျင်စခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ မြေငလျင်ကော်မတီနှင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေ၊ နိုင်ငံတကာ အဖွဲ့အစည်များနှင့် ပူးပေါင်း၍ ငလျင်ဆိုင်ရာ သုတေသနလုပ်ငန်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက အကြံပြုခြင်း၊ သုံးသပ်ဆွေးနွေးခြင်းနှင့် မေးခွန်းမေးမြန်းခြင်းများကို ပြုလုပ်ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ “ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က Chair အဖြစ်လည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Co-Chair အဖြစ် လည်းကောင်း ဆောင်ရွက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိဏ်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြမိုးဝင်း၊ မြန်မာနိုင်ငံငလျင်ကော်မတီမှ ဒေါက်တာ မျိုးသန့်နှင့် DRR Working Group မှ ဒေါ်လတ်လတ်အေး တို့ကပါဝင်ဆွေးနွေးခဲ့ကြပြီး ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့်ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြကာ တက်ရောက်လာသူများက သိလိုသည်များမေးမြန်းမှုနှင့် အကြံပြုချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ယနေ့ကျင်းပသော အခမ်းအနားကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကြီးကြပ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်