နေပြည်တော် ၂၇ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးတက္ကသိုလ် Football United ၏ Founding Director Ms.Anne Bunde - Birouste နှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာ ရေးနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခိုင်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း တစ်ရပ် ဖြစ်ပေါ်လာရေး ဆောင်ရွက်နေမှု၊ ထိုသို့ဆောင်ရွက်ရာတွင် သဘာဝ ဘေးအန္တရာယ်များ သာမက ပဋိပက္ခများကဲ့သို့ လူ့ကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာများကို တာဝန် ယူဆောင်ရွက်ရသည့်အတွက် လူမှုသဟဇာတမျှတရေးနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး၊ ပြစ်ဒဏ်ကျခံရသော အသက်(၁၈)နှစ်အောက် ကလေးသူငယ်များကို ဝန်ကြီးဌာနအောက်ရှိ လူငယ်သင်တန်းကျောင်းများတွင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါလူငယ်များအနေဖြင့်လည်း လူ့အသိုက်အဝန်းသို့ ပြန်လည်ဝင်ဆံ့ပေါင်း စည်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ Football United အဖွဲ့က ဆောင်ရွက်လျက်ရှိသော ဘောလုံးကစားနည်းသည် နားလည်ယုံကြည်မှုဖြင့် အပေးအယူမျှတစွာ ပူးပေါင်း ဆောင်ရွက်နေမှု၊ လူငယ်များအကြား လူမှုသဟဇာတမျှတရေး အသိအမြင်များ ကိန်းအောင်းစေခြင်း၊ အခက်အခဲတစ်ခုကြုံတွေ့လျှင် အားလုံးပူးပေါင်းဖြေရှင်း ဆောင်ရွက်တတ်ခြင်း၊ အသင်းအဖွဲ့နှင့် ဆောင်ရွက်တတ်လာစေခြင်း စသော အကျိုးကျေးဇူးများရရှိနိုင်သည့် အားကစားနှင့် အသိပညာပေး ရောယှက်ဆောင်ရွက်နိုင်သည့်စီမံချက်ဖြစ်၍ အဆိုပါစီမံချက်ကို တိုးချဲ့ဆောင်ရွက်နိုင်ရန်တို့ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)