နေပြည်တော် ၁၀ ဒီဇင်ဘာ
နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် နယူးဇီလန်နိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး Hon Carmel Sepuloni နှင့် ယနေ့တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီး Hon Carmel Sepuloni က နယူးဇီလန်နိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများကို အပြန်အလှန်အမြင်ခြင်းဖလှယ် ဆွေးနွေးပြောကြားခဲ့ကြပြီး မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ ဘဝသာယာကောင်းမွန်ရေး၊ သတင်းအချက်အလက်များ အလွယ်တကူရရှိနိုင်ရေး၊ လက်သင်္ကေတပြ ဘာသာစကားတို့အတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တို့ကို ဆွေးနွေးကြသည်။
ဆက်လက်၍ နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် မသန်စွမ်းသူများအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ မသန်စွမ်းသူများအတွက် ရေရှည်ပြန်လည်ထူထောင်ရေးဆိုင်ရာ ထောက်ပံ့မှုအခြေအနေများ၊ မသန်စွမ်းသူများအား ပိုမိုကောင်းမွန်သော ဘဝရှင်သန်နေထိုင်မှုအတွက် စီမံဆောင်ရွက်ပေးမှုများ၊ ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းမှုအား စောစီးစွာ ရှာဖွေဖော်ထုတ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Office of the Ombudsman အဖွဲ့နှင့်တွေ့ဆုံ၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးမည့် လွတ်လပ်သော စောင့်ကြည့်လေ့လာရေးအဖွဲ့ကို မြန်မာနိုင်ငံရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ပါဝင်ဖွဲ့စည်းနိုင်ရေး၊ မသန်စွမ်းသူများအတွက် စစ်မှန်သော အခွင့်အရေးများ ဖန်တီးပေးနိုင်ရေး၊ မသန်စွမ်းသူများအတွက် သင့်တင့်သောနေရာထိုင်ခင်း စီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်