နေပြည်တာ် ၁၁ ဒီဇင်ဘာ
နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယနေ့တွင် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး The Right Honorable Winston Peters နှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လူနည်းစုတိုင်းရင်းသားများအပါအဝင် နိုင်ငံသားများ၏ လူ့အခွင့်အရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ အထူးသဖြင့် မသန်စွမ်းသူများအတွက် ကြိုးပမ်းဆောင်ရွက်မှု၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မည့် အခြေအနေ၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ပြန်လည်နေရာချထားရေး၊ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် Renewable Energy ဆိုင်ရာ လေ့ကျင့်သင်ကြားပေးနိုင်ရေး၊ မိုင်းအန္တရာယ် ကာကွယ်ဖြေရှင်းရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Health and Disability Commission အဖွဲ့နှင့်တွေ့ဆုံ၍ မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အသိပညာပေးခြင်း၊ ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ဆောင်ရွက်ခြင်းတို့ကို ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယူးဇီလန်နိုင်ငံရှိ moveahead အဖွဲ့နှင့် တွေ့ဆုံပြီး ဒေါင်းဆင်ဒရုမ်း၊ အော်တစ်ဇင်အပါအဝင် ဉာဏ်ရည် မသန်စွမ်းကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ကြားရေးတို့ကို အထောက်အကူပြုစေမည့် Moveahead software ကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်