နေပြည်တော် ၁၂ ဒီဇင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နယူးဇီလန်နိုင်ငံ မသန်စွမ်း လူ့အခွင့်အရေးကော်မရှင်နှင့် ယနေ့နံနက်ပိုင်းတွင် နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ မသန်စွမ်းလူ့အခွင့်အရေး ဖော်ဆောင်နေမှုများ၊ UNCRPD ဆိုင်ရာ Concluding Observation အရ မသန်စွမ်းအမျိုးသမီးများ၊ မသန်စွမ်းကလေးသူငယ်များ၊ မသန်စွမ်းသက်ကြီးရွယ်အိုများ အပါအဝင် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူတို့၏ အခွင့်အရေးများ တန်းတူညီမျှရရှိရန် ဥပဒေအရ အထောက်အကူပေးနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယူးဇီလန်နိုင်ငံ State Services Commissioner နှင့် Department of Internal Affairs အဖွဲ့တို့ကို တွေ့ဆုံပြီး မသန်စွမ်းသူများ အလုပ်အကိုင်ခန့်ထားရေးဆိုင်ရာ လိုအပ်ချက်များ၊ အလုပ်အကိုင်အခွင့်အရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ မသန်စွမ်းအမျိုးအစားနှင့် မသန်စွမ်းသူ အသက်အရွယ်အလိုက် ထောက်ပံ့ရေး၊ မသန်စွမ်းအခွင့်အရေးများကို အလွယ်တကူ လက်လှမ်းမီရရှိနိုင်ရေးအတွက် Accessibility Charter ချမှတ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နယူးဇီလန်နိုင်ငံ မသန်စွမ်းသူများ ထောက်ပံ့ရေး ကွန်ရက်အဖွဲ့အစည်းနှင့် တွေ့ဆုံ၍ မသန်စွမ်းသူများအတွက် ဝန်ဆောင်မှုများ ထောက်ပံ့ပေးရာတွင် သုတေသနရလဒ်တို့ကို အသုံးချပြီး လမ်းညွှန်ချက်များ၊ မဟာဗျူဟာ၊ လုပ်ငန်းစီမံချက်တို့ကို ချမှတ်နိုင်ရေး၊ Disability Coalition အဖွဲ့နှင့် တွေ့ဆုံပြီး မသန်စွမ်းသူများ၏ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေသည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်


