နေပြည်တော် ၄ မတ် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နယူးယောက်မြို့ရှိ UNICEF ရုံးချုပ်မှ Education Associate Director, Mr. Robert Jenkins နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။    

တွေ့ဆုံစဉ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်ကိစ္စ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင် လုပ်ငန်းနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင်၍ တိုးချဲ့ဆောင်ရွက်မည့်အခြေအနေ၊ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးသူငယ်များ၊ ပြည်တွင်းနေရပ်စွန့်ခွာရသူများ၏ မိသားစုဝင်ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းမှ မွေးဖွားလာသော ကလေးသူငယ်များအား အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT) ဆောင်ရွက်နေမှု၊ မသန်စွမ်းကလေးသူငယ်များအတွက် ပညာသင်ကြားရေးဆိုင်ရာ အစီအစဉ်၊ မသန်စွမ်းမှုကို လျှော့ချနိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှု(ECI)ဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေသည့် အခြေအနေနှင့် အဆိုပါနယ်ပယ်များတွင် UNICEF နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်