နေပြည်တော် ၂၅ ဇန်နဝါရီ

 

အမျိုးသားဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မဒေါက်ဒေသ ဂျောင်းတာကျွေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတားဖွင့်ပွဲနှင့် ပြွန်တန်တာမြို့၊ မူလတန်းကြိုကျောင်း ပန္နတင်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် ဂျောင်းတာကျေးရွာသို့ ရောက်ရှိပြီး ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဂျောင်းတာ ကျေးရွာအုပ်စု ရပ်မိရပ်ဖတစ်ဦးတို့နှင့်အတူ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် ညောင်လေးပင်မြို့နယ်၊ မဒေါက်ဒေသ ဂျောင်းတာကျေးရွာအုပ်စုမှ ပြည်သူများ၏ ပူးပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် ဆောက်လုပ်ထားသော ဂျောင်းတာကျေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် ပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ လွှတ်တော်များက တင်ပြကြပြီး ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ပူးပေါင်း ဆောင်ရွက်ပေးပါကြောင်း၊ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ လိုအပ်ချက်များစွာရှိသော်လည်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်ဒေသနေပြည်သူများသည် ၇၀ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ယခုဖွင့်လှစ်ပေးသောတံတားသည် ဂျောင်းတာ၊ ဆာဆေး၊ သာယာစုနှင့် ကျောင်းရွာများရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ကုန်ထုတ်လုပ်ငန်းကိစ္စများတွင် လက်တွေ့အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ ယခင်ကျေးရွာချင်းဆက် တံတားသည် သဘာဝဘေးဒဏ်များကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ကျေးရွာများရှိ ပြည်သူများ အခက်အခဲများကြုံခဲ့ကြရာ ထိုအခက်အခဲများကို ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့က ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အလားတူ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ကျေးလက်ဒေသ နေပြည်သူအများစု၏ လတ်တလောအခက်အခဲများကို ဖြေရှင်းပေးရန်နှင့် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သော ကိစ္စများကို အချိန်မဆိုင်းဘဲ ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာမြင့်သိန်းက ဂျောင်းတာ ကျွေးရွာအုပ်စု ကျေးရွာချင်းဆက် မေတ္တာပေါင်းကူးတံတား တည်ဆောက်နိုင်ရေး ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ဂျောင်းတာကျေးရွာအုပ်စု ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြွန်တန်ဆာမြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Good Neighbour International အဖွဲ့တို့ ပူးပေါင်းဆောက်လုပ်မည့် မူလတန်းကြိုကျောင်း မြေနေရာသို့ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်