နေပြည်တော် ၂၂ ဖေဖော်ဝါရီ 

 

ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေနေရာ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံများ၊ ရှေးဦးအရွယ်ကလေးငယ်များနှင့် မိဘများတက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှေးဦးအရွယ်ကလေးများ ဖွံ့ဖြိုးတိုးတက်မှုသည် မိသားစုအတွက်သာမက မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါပါကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုဆိုရာ၌ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ခန္ဓာသန်စွမ်းကျန်းမာမှုနှင့် လူမှုဆက်ဆံရေးကောင်းမွန်မှုကို ဆိုလိုပါကြောင်း၊ အနာဂတ် နိုင်ငံ့တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ကြမည့် ယခုရှေးဦးအရွယ် ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ရေရှည်မျှော်မှန်းလျက် စီမံချက်များ ချမှတ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထု၏ ဆန္ဒနှင့်ကိုက်ညီခြင်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုရှိခြင်းနှင့် လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများကို တန်းတူညီမျှရရှိရေး ဖော်ဆောင်ပေးနိုင်ခြင်းတို့သည် စစ်မှန်သော ဒီမိုကရေစီကို အကောင်အထည်ဖော်ရာတွင် အရေးပါသော ဆောင်ရွက်ရန်များဖြစ်ပါကြောင်း၊ ယခုလို ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြေနေရာလှူဒါန်းပေးခြင်းသည် ပြည်သူက ပြည်သူ့လိုအပ်ချက်ကို အစိုးရနှင့် ပူးပေါင်းဖြည့်ဆည်းပေးခြင်း ဖြစ်ပါကြောင်း၊ ယခုလိုမြေနေရာရရှိလာပြီ ဖြစ်သည့်အတွက် အဆိုပါမြေနေရာကို ဒေသခံကလေးသူငယ်များအကျိုးအတွက် အကောင်းဆုံးအသုံးချနိုင်ရေး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကလေးသူငယ်များ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်ကာလတွင် အကောင်းဆုံးရင်းနှီးမြှုပ်နှံခြင်းပြုကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြေနေရာအလှူရှင်ဦးမြင့်လွင်က လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ မြေနေရာနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်လှူဒါန်းခြင်း၊ အလှူရှင်အား ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခြင်းနှင့် မွန်ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးက မြေနေရာလှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းတို့ကို ဆောင်ရွက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျေးရွာတွင် နေ့ကလေးထိမ်းနေရာအဖြစ် ဆောင်ရွက်ရန် မိခင်ဝိုင်း(၁)ဝိုင်း ဖွင့်လှစ်နိုင်ရေး ထောက်ပံ့ငွေကို ပေးအပ်လှူဒါန်းပြီး ကလေးငယ်များကို ကစားစရာများပေးအပ်သည်။ 

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင်ပြုလုပ်သည့် မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် လက်တူးတွင်း(၃)တွင်း တူးဖော်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ပညာရေးနှင့် ကျန်းမာရေးတို့သည် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ တူညီသောလိုအပ်ချက်များ ဖြစ်ပါကြောင်း၊ ယခု ကော့စိန်ကျေးရွာတွင် သောက်သုံးရေရရှိရေး လက်တူးတွင်း(၃)တွင်း လှူဒါန်းမှုသည် ပြည်သူ့ဆန္ဒနှင့်အညီ ဖြစ်ပေါ်လာသောအစိုးရ၏ ပြည်သူ့လိုအပ်ချက်ကို လက်တွေ့ဖြည့်ဆည်းပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကော့စိန်ကျေးရွာပြည်သူများထံသို့ လက်တူးတွင်း (၃)တွင်း တူးဖော်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၄၄၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံပြီး ကိုယ်စားလှယ်တစ်ဦးက ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်