နေပြည်တော် ၁၁ ဇွန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်  ပြင်သစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Jean-Marie Cambaceres နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများအား အကောင်အထည်ဖေါ်ဆောင်ရွက်နေသည့်ကိစ္စ၊ လိုအပ်သည့်မူဝါဒများ၊ ဥပဒေနှင့် နည်းဥပဒေများအားပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းနှင့် သက်ဆိုင်ရာလွှတ်တော် အသီးသီးမှ အတည်ပြုနိုင်ရေးဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အဖြစ်မှန်ကို သိရှိနိုင်ရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအဆင့်ဆင့်မှ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှု၊ နေရပ်စွန့်သူများအား ပြန်လည်လက်ခံနိုင်ရေးအတွက်ဆောင်ရွက်နေမှု၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏အသံ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၏ အသံကိုနားထောင်၍ ဆောင်ရွက်နေမှုများ၊ ပြင်သစ်နိုင်ငံ၏ လွှတ်တော်သုံးရပ်မှ တစ်ခုဖြစ်သော အတိုင်ပင်ခံလွှတ်တော်၏ အခန်းကဏ္ဍနှင့် အဆိုပါလွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ သမ္မတမှ ခန့်အပ်ထားသော ကိုယ်စားလှယ်များမှ ပြည်သူအသံကို နားထောင်၍ အစိုးရဌာနများသို့ ဆွေးနွေးညှိနှိုင်းနေမှု၊ အဆိုပါစနစ်နှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံသို့လာရောက် လေ့လာနိုင်မှုများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)