နေပြည်တော် ၂၀ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Community and Family Service International (CFSI)နှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့တို့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
Community and Family Service International (CFSI) နှင့်တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် CFSI အဖွဲ့အစည်းတို့ ပူးပေါင်း၍ လူမှုဝန်ထမ်း ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို/ကာလရှည် သင်တန်းများကို CFSI အခြေစိုက် ဖိလစ်ပိုင်နိုင်ငံရှိ ဖိလစ်ပိုင်တက္ကသိုလ် အပါအဝင် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ လူမှုဝန်ထမ်းလုပ်ငန်းများကို ကျေးရွာအဆင့်အထိ ရောက်ရှိနိုင်ရေး၊ လူမှုဝန်ထမ်းလုပ်အားပေး စေတနာ့ဝန်ထမ်းများပေါ်ထွက်ရေး၊ အဆိုပါ စေတနာ့ဝန်ထမ်းများအား လိုအပ်သောသင်တန်းများနှင့် နည်းပညာအကူအညီများ ပေးအပ်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ (Help Age International – HAI)နှင့် တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုအခွင့်အရေးများနှင့် ကောင်းမွန်သော သက်ကြီးရွယ်အိုဘဝ ရရှိစေရေးအတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့ပြီး သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများကို အကောင်အထည်ဖော်ရန် မဟာဗျူဟာရေးဆွဲ၍ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များတွင် HAI အဖွဲ့မှ လိုအပ်သည့်နည်းပညာနှင့် ဘဏ္ဍာရေး ဆိုင်ရာ အကူအညီများပေးအပ်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ လူမှုအားမာန်အဖွဲ့ Inclusive Self - Help Group (ISHG) အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ မိသားစုမှ စောင့်ရှောက်မပေးနိုင်သည့် လမ်းပေါ်နေ သက်ကြီးရွယ်အိုများအား ထောက်ပံ့ကူညီ၍ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းမှုဆိုင်ရာကိစ္စရပ်များကို ပူးတွဲဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)