နေပြည်တော်၊  ၁၈  ဒီဇင်ဘာ

ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်း အစီအစဉ်တွင် အမျိုးသမီးကော်မတီများနှင့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင် အမျိုးသမီးအဖွဲ့(၁၁)ဖွဲ့နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကူးစက်ပြန့်ပွားဆဲဖြစ်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ကူးစက်ပြန့်နှံ့ဆဲဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နည်းဗျူဟာများ ပြောင်းလဲမှုကို ချိန်ဆဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲဆောင်ရွက်ရာတွင် အောက်ခြေရပ်ကွက်၊ ကျေးရွာများအထိ အမှန်တကယ်ပြောင်းလဲဆောင်ရွက်ကြရန် ပူးပေါင်းဆောင်ရွက် နိုင်မှု အရေးကြီးပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ပြည်သူများ ကြုံတွေ့ခံစားနေရသော အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကူညီဖြေရှင်း ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ အဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထုနှင့် နီးစပ်စွာဆောင်ရွက်ခဲ့မှု အတွေ့အကြုံများလည်းရှိပြီးဖြစ်သည့်အတွက် ပါဝင် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄  ရက်က ပြည်သူ လူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေး အစီအစဉ်တွင် ပြည်သူလူထုအခြေပြု ရပ်ရွာစေတနာ့ဝန်ထမ်းများ (Community COVID Volunteer – CCV) များအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ပါကြောင်း။

ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉  ထိန်းချုပ်ရေး အထူးစီမံချက် (Community COVID Control – CCC) ကို ရှေ့ပြေးစမ်းသပ်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့နှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်းများ လေ့ကျင့်ရေး ဆိုင်ရာလက်စွဲစာအုပ်များ ထုတ်ဝေပြီး ဆရာဖြစ်သင်တန်းများနှင့် ဆင့်ပွားသင်တန်းများကို လိုအပ်ချက်အရ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းစဉ် အတွက် မြေပြင်တွင် ပြည်သူများ သတင်းအချက်အလက်အမှန်များ ရှင်းလင်းစွာသိရှိရေး၊ လိုအပ်လျက် ရှိသော နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှုများ ပြုလုပ်ခြင်းများကို ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ နှစ်သိမ့်ဆွေးနွေး ခြင်းအစီအစဉ်ဖြင့်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဆောင်ရွက်သည့် နည်းလမ်းသည် မိမိတို့၏ ရပ်ကွက်၊ ကျေးရွာများကို အခြေခံသည့်စေတနာ့ဝန်ထမ်းများ ဖော်ထုတ်ရန် ဖြစ်ပါကြောင်း၊ လက်ရှိပြည်သူများအကြားတွင် ဆောင်ရွက်နေကြသူများအတွက် ပို၍ အချိတ်အဆက်မိ အောင် ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေး အထူးစီမံချက်ကို အထောက်အကူပြုနိုင်မည့် ပြည်သူလူထုအခြေပြု ရပ်ရွာစေတနာ့ဝန်ထမ်းများအဖြစ် ပြောင်းလဲလာသော အခြေအနေများကို ရပ်ကွက်၊ ကျေးရွာများအတွင်း အလျင်မီ သတင်းရရှိနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် COVID Control Center စသည့်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်ရန် ပြည်သူ လူထုအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး ရပ်ရွာ စေတနာ့ဝန်ထမ်း များများ လေ့ကျင့်မွေးထုတ် အကောင်အထည်ဖော်ရေး လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးဖြစ်၍ ဗဟိုကော်မတီသို့ တင်ပြထားပါကြောင်းနှင့် လုပ်ငန်းစီမံချက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကိုလည်း ပါဝင်ဆောင်ရွက်နိုင်ရန် ထည့်သွင်းထားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း စသည်ဖြင့် အားလုံး၏ စုပေါင်းချိတ်ဆက်မှုများဖြင့် ပြည်သူလူထုအတွက် အကောင်းဆုံးဆောင်ရွက်ပေး နိုင်မည်ဖြစ်သည်ဟု ယူဆပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြသီတာက ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်း အစီအစဉ်များနှင့် ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာများအတွင်း မိမိတို့ဒေသ အလိုက် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများ စာရင်းကောက်ယူခြင်း၊ လိုအပ်သော သင်တန်းများ ပေးခြင်း၊ အဖွဲ့များ ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ဆောင်ရွက်ရမည့် အစီအစဉ်တို့နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်း၊ ကျား၊ မ ရေးရာတန်းတူညီမျှ ရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ စီးပွားရေးလုပ်ငန်းရှင်များ ကျား၊မတန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်၊ ဝိဿခါဖောင်ဒေးရှင်းတို့၏ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပါဝင်ကူညီ ပံ့ပိုးပေးမည့် ကိစ္စများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးမှုများနှင့် ပတ်သက်၍ ချိတ်ဆက် ဆောင်ရွက်ရမည့် ကိစ္စများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်