နေပြည်တော် ၂၀ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် Prof: Walter Kelin နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရှေ့ဆက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ Video Conferences ဖြင့်ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက အတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီး အမျိူးသားအဆင့်ကော်မတီကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ (၂၅)ရက်တွင် ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို မတ်(၂၅)ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေသဖြင့် အမျိုးသားအဆင့်မဟာဗျူဟာ ဆက်လက်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များ နှောင့်နှေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာလ မည်မျှကြာမည်ကို မှန်းဆ၍မရကြောင်း၊ မဟာဗျူဟာစီမံချက်အရ မိမိတို့က အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို အချိန်ကာလ သတ်မှတ်ချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်ရန် ခက်ခဲသော်လည်း လုံးဝရပ်တန့်ထား၍ မရကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရေးသည် အလွယ်အတူ လျင်လျင်မြန်မြန် ဆောင်ရွက်၍ရသော လုပ်ငန်းမျိုးမဟုတ်ဘဲ အောက်ခြေထိ အဆင့်ဆင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းများကို ဆောင်ရွက်ရပါကြောင်း။
မဟာဗျူဟာရေးဆွဲရာတွင်လည်းကောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် လည်းကောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကိုရယူပြီး နိုင်ငံတကာအတွေ့အကြုံများ၊ သင်ခန်းစာများအပေါ် အခြေခံဆောင်ရွက်ရသဖြင့် ဆွစ်ဇာလန်နိုင်ငံမှ Prof: Walter Kelin သည် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးတွင် ကိုဗစ်-၁၉ ကာလ မတိုင်မီဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ လက်ရှိ ကိုဗစ်-၁၉ အခြေအနေနှင့် ယှဉ်တွဲ ဆက်စပ်ဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ထိုအခြေအနေများအပေါ် အကြံပြုချက်များ၊ ရှေးဆက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆွေးနွေးရန် လိုအပ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် မိမိအနေဖြင့် နေရပ်စွန့်ခွာသူများရှိသည့် ပြည်နယ်အသီးသီးသို့ သွားရောက်ကာ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများပါဝင်၍ IDP စခန်းနေသူများ၊ ဒေသခံများနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဆက်လက်၍ မိမိတို့ဝန်ကြီးဌာနက တာဝန်ရှိသူများကလည်း နိုင်ငံတကာကျွမ်းကျင်ပညာရှင် Prof: Walter Kelin ကိုယ်တိုင်လိုက်ပါ၍ ပြည်နယ်အချို့သို့ သွားရောက်ခဲ့ကြကြောင်း၊ COVID-19 ကာလနှင့်ယှဉ်တွဲ၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အကြံပြုဆွေးနွေးပေးရန် လိုအပ်ကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ မတ် (၂၈)ရက်မှ စတင်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအနေဖြင့် ထိရောက်စွာ ပညာပေးခြင်း၊ လိုအပ်သော တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ရန် စီမံပေးခြင်းများဖြင့် IDP စခန်းများရှိ နေရပ်စွန့်ခွာသူများ ကူးစက်မှုမဖြစ်ပွားစေရေးကို နိုင်ငံတော်က ငွေကျပ် (၂.၁)ဘီလီယံ သုံးစွဲကာ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အားလုံးလက်လှမ်းမီရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လိုက်နာရမည့်အဓိကအချက်များကို ဆက်သွယ်ရေးအော်ပရေတာ (၄)ခုမှ SMS Message များဖြင့် ပေးပို့ပေးလျက်ရှိပါကြောင်း၊ အမျိုးသားအဆင့် မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ယာယီခိုလှုံရာ စခန်းများတွင် နေထိုင်သူတို့ ပူးပေါင်း၍ ဆက်လက်အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆွစ်ဇာလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် Prof: Walter Kelin က အမျိုးသားအဆင့် ကော်မတီပထမအကြိမ်အစည်းအဝေး ကျင်းပနိုင်ခဲ့ခြင်းအား အထူးဝမ်းမြောက်မိပါကြောင်း၊ ယခုအချိန်သည် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ အမျိုးသားအဆင့်မဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် အခက်အခဲများစွာ ကြုံတွေ့ရမည်ကို နားလည်ပါကြောင်း၊ မတူညီသောနောက်ခံ အကြောင်းအရင်းများကြောင့် တောင်းဆိုချက်များကွဲပြားမည် ဖြစ်ပါကြောင်း၊ အားလုံးဖြည့်ဆည်း ဆောင်ရွက်နိုင်ရန် မဖြစ်နိုင်ပါကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် အခြားသော လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံအချို့တွင်လည်း ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးကို စိန်ခေါ်မှုများကြားက ဆောင်ရွက်လျက်ရှိကြောင်း၊ မတူညီသော နေရာဒေသအလိုက် ကြုံတွေ့ရသည့်အပေါ် သင်ခန်းစာယူ၍ စဉ်းစားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် စခန်းတွင်နေထိုင်သူ အများစု လက်ခံနိုင်သော အစီအစဉ်များဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ ပိုမိုမြန်ဆန် လွယ်ကူချောမွေ့မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရှေ့ဆက်မည့်လုပ်ငန်းစဉ်များကို ပါဝင်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


