ရန်ကုန်  ၁   ဒီဇင်ဘာ 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးဦးဆောင်သော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ တွေ့ဆုံပြီး ပြည်တွင်း၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းများမှ ပြည်တွင်းနေရပ် စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDPစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို တွေ့ဆုံဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့်အတူ UNDP, UN Habitat, UNICEF Myanmar, IOM, FAO, UNHCR, WFP, WHO, UN Women,UNOCHA, UNFPA, ICRC, MRCS,IFRC နှင့်  INGO Forum တို့မှဌာနေကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ေ

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုစိုးရလက်ထက်တွင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီ (၄)ခုအနက် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီက ၂၀၁၆ ခုနှစ်မှစ၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများပိတ်သိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲရန်ကြိုးပမ်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာ (၁၉) ရက်က တရားဝင် မိတ်ဆက်ခဲ့ပြီဖြစ်ကြောင်း၊ ထိုမဟာဗျူဟာကို လုပ်ငန်းစဉ်များချမှတ်၍ IDP စခန်းများစနစ်တကျ ပိတ်သိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ဤမဟာဗျူဟာသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲထားသည့်အတွက် မိမိတို့နိုင်ငံ ၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းစဉ်များရေးဆွဲပြီး IDP စခန်းများ ပိတ်သိမ်း နိုင်ရန်အရေးကြီးသည့် မူဘောင်တစ်ခုဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင်ပါရှိသည့် အတိုင်း ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ကော်မတီများ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းစီမံချက်များကို ဒေသအလိုက်ရေးဆွဲ အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ မဟာဗျူဟာကိုမရေးဆွဲမီနှင့်ရေးဆွဲနေစဉ် ကာလအတွင်းပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDPစခန်းများပိတ်သိမ်းရေးနှင့်ပတ်သက်၍ မိမိတို့ဆောင်ရွက် နေသည့် လုပ်ငန်းများရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများကို ဤမဟာဗျူဟာနှင့်ပေါင်းစပ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်ရှိ IDP စခန်းများစနစ်တကျ ပိတ်သိမ်းနိုင်ရေးနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့်  KHCC တို့နှင့်ညှိနှိုင်းဆောင်ရွက် နေသကဲ့သို့ သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကြက်ခြေနီလှုပ်ရှားမှုများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း၊ ပိတ်သိမ်းရမည့်စခန်းများမှ ပြန်လည်နေရာချထားရမည့် ကျေးရွာများ စာရင်းကိုပြုစုသကဲ့သို့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွင် အရေးပါသည့် မိုင်းရှင်း လင်းရေးလုပ်ငန်းနှင့် မိုင်းအသိပညာပေးလုပ်ငန်းများကို တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။

မိုင်းအန္တရာယ်နှင့်ပတ်သက်၍  နိုဝင်ဘာ ၂၅ ၊ ၂၆ရက် က နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မိုင်းကင်းစင်ရေးပြန်လည်သုံးသပ်မှုဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံကို မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီးရေရှည်တည်တံ့မည့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှုကိုအခြေခံသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်၏ အရေးပါမှုများ၊ မိုင်းရှင်းလင်းရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးခဲ့ရာယခုမဟာဗျူဟာ အကောင်အထည်ဖော် ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကချင်ဒေသအတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားမှု အကောင် အထည်ဖော် ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းများသည်ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာနှင့် ကိုက်ညီသည့်အတွက် ဆက်လက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြမည်ဖြစ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့တွင် ရှေ့ပြေးစီမံချက် များ ဆက်လက်ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကဦးဆောင်၍ သက်ဆိုင်ရာ ပြည်နယ်အလိုက်လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည် ဖော်ရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအဖွဲ့အစည်း များမှဌာနေကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာကို အစိုးရက ဦးဆောင်ပြီး ပညာရှင် Prof.Walter Kaelin ၏ ကူညီပံပိုးမှုဖြင့် ရေးဆွဲဆောင်ရွက်ရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း ဝိုင်းဝန်းအကြံပြုခွင့်ရခဲ့ပြီး မဟာဗျူဟာကို ဖြန့်ဝေနိုင်ခဲ့ပြီဖြစ် သည့်အတွက် ဂုဏ်ပြုပါကြောင်း၊ ရှေ့ဆက်၍ မဟာဗျူဟာနှင့်အညီ ဒေသနှင့်ကိုက်ညီသည့် လုပ်ငန်း စီမံချက်များရေးဆွဲ အကောင်အထည်ဖော်ရာတွင်လည်း ပါဝင်ပူးပေါင်းရန်အသင့်ရှိပါကြောင်း။

လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရာတွင် ကနဦး ရှေ့ပြေးအကောင် အထည်ဖော်ဆောင်မည့်နေရာများ သတ်မှတ် ဆောင်ရွက်သွားမည်ကိုလည်း ကြိုဆိုပါကြောင်း၊ ကနဦး ဆောင်ရွက်မှုများမှတဆင့် ကြုံတွေ့ရသည့် အခက်အခဲများကို နောင်တွင်အခွင့်အလမ်းအဖြစ် ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်များရေးဆွဲရာတွင် စခန်းများရှိနေရပ်စွန့်ခွာသူများ၏ ပါဝင်မှုနှင့်ပတ်သက်၍ အမျိုးသမီးများနှင့် လူငယ်များ၏ အသံကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊   ကြက်ခြေနီ လှုပ်ရှားမှုအဖွဲ့များဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။ 

(သတင်းစဉ်)