နေပြည်တော် ၂၇ မတ် 
 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်နှင့်စပ်လျဉ်းပြီး ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် အင်တာနက်ကွန်ရက် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းက ညှိနှိုင်းဆွေးနွေးကြသည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြို့နယ်ပေါင်း (၂၄) မြို့နယ်၊ စခန်းစုစုပေါင်း (၁၂၈) ခုမှာ ပြည်တွင်းနေရပ် စွန့်ခွာသူဦးရေ (၁၈၄,၃၃၃) ဦး နေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါ ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် လိုအပ်သည့် အခိုအကာ၊ စားရေရိက္ခာ၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော အသက်မွေးဝမ်းကျောင်း ကိစ္စရပ်များကို သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှု၊ ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၏ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှုနှင့် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စခန်းများမှာနေထိုင်ကြသော ပြည်တွင်းနေရပ် စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါဘေးနှင့်စပ်လျဉ်းပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စီမံချက်တစ်ခု ကို ရေးဆွဲထားပြီးဖြစ်ကြောင်း၊ စီမံချက်ရေးဆွဲရာတွင် နိုင်ငံတကာ လူသားချင်းစာနာကူညီမှုနှင့် ကာကွယ် စောင့်ရှောက်ပေးမှု ဆိုင်ရာစံချိန်စံညွှန်းများ၊ Inter-Agency Standing Committee က စခန်းတွင် နေထိုင်ကြသူများအတွက် COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းပြီး ထုတ်ပြန်ထားသည့် ကြားဖြတ် လမ်းညွှန်ချက်များကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ထားပါကြောင်း၊ ယခုရေးဆွဲထားသည့် စီမံချက်မှာလည်း လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေ၊ အချိန်ကာလပေါ်မူတည်ပြီး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်သည့် (Living Document) တစ်ခုဖြစ်ကြောင်း၊ စီမံချက်ရေးဆွဲရာတွင် စခန်းများတွင် နေထိုင်ကြသည့် နေရပ်စွန့်ခွာသူများအကြား COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန်၊ စခန်းများတွင် COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အစီအမံများ ကြိုတင်ချမှတ် ဆောင်ရွက်နိုင်ရန်နှင့် COVID-19 ကူးစက်ရောဂါ အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းကို ဆောင်ရွက်ရာတွင် ဆက်စပ်ပတ်သက်သူ (Stakeholders)  များအကြား ထိရောက်စွာ ညှိနှိုင်းပေါင်းစပ်နိုင်ရန် စသည့် ရည်ရွယ်ချက် (၃) ခုဖြင့်ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် COVID-19 ကူးစက်ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ COVID-19 ကူးစက်ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး၊ COVID-19 ၏ရောဂါလက္ခဏာများ တွေ့ရှိပါက အရေးပေါ်တုံ့ပြန်ရေး အစီအမံများထားရေး၊ စီမံချက်အကောင်အထည်ဖော်ရာတွင် လိုအပ်သော အရင်းအမြစ်များရရှိရေး၊ စီမံခန့်ခွဲရေးနှင့်  ညှိနှိုင်းပေါင်းစပ်ရေး၊ COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းပြီး သတင်းအချက်အလက် အပေါ် အခြေခံသော စီမံခန့်ခွဲမှုတွင် စောင့်ကြည့်ကွပ်ကဲခြင်းနှင့် အကဲဖြတ်ခြင်း စသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခု Video Conferencing တွင် ယာယီခိုလှုံရာ စခန်းများတည်ရှိသည့် ပြည်နယ်(၄)ခုမှ ဦးစီးမှူးများ ပါဝင်သည့်အတွက် လက်တွေ့မြေပြင် ဆောင်ရွက်ချက် များနှင့် လိုအပ်ချက်များကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ ကူးစက်ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများ၊  စခန်းစီမံခန့်ခွဲမှု ကော်မတီများ၊  မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 
    


ထို့နောက် တက်ရောက်လာကြသော ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးရာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးက COVID-19 ကူးစက်ရောဂါ တားဆီးကာကွယ်ရေးအတွက် တစ်နိုင်ငံလုံးပါဝင်အောင် အစိုးရဘက်က ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ အထူးသဖြင့် ပဋိပက္ခဒေသများတွင် နေထိုင်နေကြရသူများ၊ နေရပ်စွန့်ခွာရသူများနှင့် ထိခိုက်လွယ်လူအုပ်စုများ အားလုံးကိုထည့်သွင်း စဉ်းစားပေးရန်လို အပ်ပါကြောင်း၊ မိမိတို့ကုလသမဂ္ဂအဖွဲ့အစည်းများ အနေဖြင့်လည်း အဆိုပါဒေသများရှိ အမှန်တကယ် လိုအပ်ချက်ရှိသူများအတွက် လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အဆိုပါနေရာဒေသများ အတွက်ပါ မြန်မာနိုင်ငံအစိုးရဘက်က ဆောင်ရွက်ပေးခြင်းကို ကြိုဆိုပါကြောင်း၊ မိမိတို့ဘက်က သွားရောက်နိုင်သည့် စခန်းများတွင်လည်း COVID-19 နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခြင်း၊ ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများဘက်ကလည်း အစိုးရနှင့် မည်သို့ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ကို လေ့လာဆန်းစစ် နေပါကြောင်း၊ အစိုးရဘက်က သတင်းအချက်အလက်များ မျှဝေပေးမည်ဆိုပါက ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 အတွက် ဆောင်ရွက်ချက်များကို အခြားအဖွဲ့အစည်းများ အား ပြန်လည်အသိပေးမည်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာ ကူညီမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် နေရာများသို့ ရောက်အောင်သွားနိုင်ရန် အရေးကြီးသကဲ့သို့ အဆိုပါနေရာများတွင် ကူးစက်ရောဂါဖြစ်ပွားပါက အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိရန် လည်းလိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
    


ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ဌာနေညွှန်ကြားရေးမှူးက နေရပ်စွန့်ခွာသူများ၏ စခန်းများတွင် COVID-19 ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ ကျန်းမာရေးသုံး ပစ္စည်းများနှင့် သန့်ရှင်းရေးသုံးပစ္စည်းများကို ကူညီထောက်ပံ့ပေးနိုင်ပါကြောင်း ပြောကြားသည်။

    

ယင်းနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ တာဝန်ရှိသူက Quarantine Facility လိုအပ်ချက်များကို ပံ့ပိုးနိုင်ကြောင်း၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က နေရပ်စွန့်ခွာ သူများအတွင်း ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် ညွှန်းပို့ခြင်း လုပ်ငန်းများ၊ အမျိုးသမီးနှင့် ကလေးသူငယ် ထောက်ပံ့ကြေးပေးအပ်သည့် အစီအစဉ်နှင့် Shock Responsive Social Protection လုပ်ငန်းများကိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူက COVID-19 နှင့်ပတ်သက်၍ နည်းပညာအကူအညီ များ ပံ့ပိုးပေးရန်ကိစ္စရပ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)မှ ကိုယ်စားလှယ်က ဘေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင် ရေးလုပ်ငန်းများ၊ ကပ်ရောဂါဘေးကြောင့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ဆန်းစစ်လေ့လာခြင်း၊ ဘေးလွန်ကာလလိုအပ်ချက် ဆန်းစစ်ခြင်း တို့ကို ဆောင်ရွက်ပေးလိုပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များအတွက်လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် UNOCHA မှတာဝန်ရှိသူက COVID-19 နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို Website ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိပါကြောင်း ပြောကြားသည်။


    
ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်က တိုက်ပွဲရှောင်စခန်းများရှိ ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သော သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် လိုအပ်သည့် အာဟာရဖြည့်ဆည်းပေးခြင်းနှင့် ထောက်ပံ့မှုများကို ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ချမှတ်ထားသော လုပ်ငန်းစဉ်များအရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို မတ်(၁၃)ရက်တွင် ဖွဲ့စည်းဆောင်ရွက် ခဲ့ပြီး အဆိုပါကော်မတီ၏ အတည်ပြုချက်ဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် MoU လက်မှတ်ရေးထိုး၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများသို့ မေတ္တာရပ်ခံပန်ကြားချက်ကို မတ် (၁၈)ရက်တွင် ထုတ်ပြန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများအနေဖြင့် ပြင်ပမှ COVID -19 ရောဂါပိုး ကူးစက်ဝင်ရောက် ပြန့်ပွားခြင်း မခံရစေရန် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ COVID- 19 ရောဂါ ပြန့်ပွားခြင်းကိုကာကွယ်ရန်  ရောဂါကူးစက်ဖြစ်ပွားနေသော နိုင်ငံမှ ဝင်ရောက်လာသူ ထံတွင် လည်းကောင်း၊ နိုင်ငံအတွင်းရှိ သံသယလူနာထံတွင်လည်ကောင်း၊ ရောဂါကို ဓါတ်ခွဲအတည်ပြု စစ်ဆေးတွေ့ရှိရပါက အဆိုပါ ပုဂ္ဂိုလ်နှင့် အတူနေထိုင်သူများ၊ ထိတွေ့ဆက်ဆံခဲ့သူများကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များအတွင်း လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ဖြစ်ပွားနေသည့် အခြေအနေကိုလည်းကောင်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေစစ်ဆေးနိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ လမ်းညွှန်ချက်ရှိပါကြောင်း၊ ယာယီခိုလှုံရာစခန်းများတွင်  ပြည်တွင်း နေရပ်စွန့်ခွာသူများအတွက် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် စခန်းနေသူတစ်ဦးချင်း၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီး ကြောင်း၊ ယခုရေးဆွဲထားသော ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူ (IDP) များတွင် COVID -19 ရောဂါတားဆီး ကာကွယ်ရေးစီမံချက် မူကြမ်းကို ယနေ့ဆွေးနွေးချက်များပါ အချက်အလက်များကို ထည့်သွင်းစဉ်းစား၍ စခန်းအလိုက် လိုအပ်ချက်များအရ လုပ်ငန်းစဉ်များရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြာခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)