နေပြည်တော် ၁၃ နိုဝင်ဘာ
ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၃)ချက်နှင့် ပူးတွဲကြေညာချက်ပါ ဦးစားပေးကဏ္ဍ (၆)ရပ်တို့အပေါ် အခြေတည်၍ ရေးဆွဲထားသော အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်တို့မှ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါပူးတွဲကြေညာချက်ကို အကောင်အထည်ဖော်ရန် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးအတွက် အမျိုးသားအဆင့်ကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန် (၅) ရပ်ကို ချမှတ်ပေးခဲ့ပါကြောင်း။
ထို့ကြောင့် အမျိုးသားအဆင့်ကော်မတီအနေဖြင့် လုပ်ငန်းစီမံချက်(မူကြမ်း)ကို ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများထံမှ ပြန်လည်ပေးပို့လာသော သဘောထားမှတ်ချက်များနှင့်အညီ ပြင်ဆင်ခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပေးပို့လာသော အကြံဉာဏ်များကို ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် အမျိုးသားအဆင့် ကော်မတီအစည်းအဝေးများ၌ အသေးစိတ် ညှိနှိုင်းဆွေးနွေးခြင်းများပြုလုပ်၍ အတည်ပြုခဲ့ပါကြောင်း၊ ယင်းလုပ်ငန်း စီမံချက်ကို နိုင်ငံတော်သမ္မတရုံးမှ အတည်ပြုနိုင်ရေးအတွက် ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းစီမံချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတည်ပြုရေးဆွဲထားသော လုပ်ငန်းစီမံချက်(မူကြမ်း)ကို အသေးစိတ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြရာ အမျိုးသားအဆင့် ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။
သတင်းစဉ်


