နေပြည်တော် ၁၁ ဇန်နဝါရီ
ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု (Child Development) နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကျိုးအတွက် ကဏ္ဍအလိုက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည့်အပြင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများလည်းရှိပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ကိုယ်ဝန်ဆောင်ချိန်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ်တွင် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ကလေးဘဝအစ ရက်ပေါင်း (၁၀ဝ၀)ကာလ၏ အရေးပါပုံကို မိဘများက သိရှိနားလည်ပြီး မိမိတို့ကိုယ်တိုင် လိုက်နာဆောင်ရွက်ရမည်ကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် ဖြစ်ကြောင်း။
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း (Early Childhood Care and Development - ECCD)ကို ဥပဒေများနှင့်အညီ ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ECCD လုပ်ငန်းတွင် ဖွံ့ဖြိုးမှုနှေးကွေးသော ကလေးသူငယ်များအတွက် မိဘများ၊ မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်သူများက ကိုယ်တိုင်သိရှိပြီး ECCD လမ်းကြောင်းပေါ်ကို ရောက်ရှိသွားစေရန် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးခြင်းနှင့် ကူညီပံ့ပိုးမှုဆိုင်ရာဝန်ဆောင်မှု (Early Childhood Intervention – ECI) လုပ်ငန်းပါဝင်ပါကြောင်း၊ လူသားစွမ်းရည်အရင်းအမြစ်ကောင်းများ ထွက်ပေါ်ရေးအတွက် အကောင်အထည်ဖော်ကြသူများက လုပ်ငန်းကျွမ်းကျင်မှုရှိရန် အရေးကြီးသကဲ့သို့ မိမိ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုခံရရန်လည်း လိုအပ်ပါကြောင်း။
မိမိတို့၏ ကျွမ်းကျင်မှုကို အာမခံပေးနိုင်မည့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ - National Skill Standards Authority (NSSA)တွင် ပါဝင်နိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မည်မျှဆောင်ရွက်နိုင်ပြီကို ပြန်လည်ဆန်းစစ်ရန်လည်း လိုအပ်ပါကြောင်း၊ လက်ရှိတွင် ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍအတွက် မိခင်ဝိုင်းများ၊ နေ့ကလေးထိန်းကျောင်းများ၊ မူကြိုကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့၏ ဆောင်ရွက်ပေးနိုင်မှုနှင့် အကျိုးခံစားခွင့်ရှိသည့် ကလေးသူငယ်များ၏ ပမာဏသည် မမျှတဘဲရှိနေပါကြောင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း လုံလောက်မှုမရှိသေးပါကြောင်း၊ ထို့ကြောင့် ရှေးဦးအရွယ် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းများကို ပြည်သူလူထုက အထူးသဖြင့် မိဘများ၊ မိသားစုဝင်များက သိရှိထားပါက မိမိတို့၏ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းမည့် လုပ်ငန်းစဉ်များ၊ ECCD သင်တန်းများနှင့် ပတ်သက်၍ National Skill Standards Authority (NSSA) အစီအစဉ်တွင် ပါဝင်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှ မွေးဖွားသော အသက်(၂)အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်ကို ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် Child Development နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်း၌ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးသင်တန်း ဖွင့်လှစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု၍ သင်တန်းသားများကို အားပေးစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ဆောင်ရွက်မှု အခြေအနေနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။
သတင်းစဉ်


