နေပြည်တော် ၁၇ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ညနေပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ကို အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေးသည်။
အွန်လိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသော ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် မြေပြင်ကွင်းဆင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့မှုများကို တင်ပြသည်။
ထိုသို့တင်ပြရာတွင် ပြန်လည်နေရာချထားရန် ရွေးချယ်ထားသည့် လက်ရှိစခန်းမှ (၂) ဖာလုံအကွာနေရာတွင် နေအိမ်၊ ရေနုတ်မြောင်းများ၊ လမ်းနှင့် ရေတားတမံများ တည်ဆောက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ပေးရေးတို့ကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့မှု၊ ကျောက်တစ်လုံး IDP စခန်းနေသူများနှင့် ထပ်မံတွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့မှု၊ မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ကျောက်ဖြူမြို့ခံ ရပ်မိရပ်ဖ(၇)ဦးတို့နှင့် ထပ်မံတွေ့ဆုံညှိနှိုင်းခဲ့မှုတို့ကို တင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ဆောင်ရွက်သွားရမည့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြောကြားသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းပိတ်သိမ်းနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိသော ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် IDP စခန်း ပြန်လည်နေရာချထားရေးကို ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများနှင့် ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


