စစ်တွေ ၁၈ ဇူလိုင်
ရခိုင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်း၌ စစ်တွေမြို့တွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင် ဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ တိုင်းရင်းဆေးရုံ၌ Quarantine Center အဖြစ် ဖွင့်လှစ်ထားရှိသော နေရာသို့ရောက်ရှိပြီး ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြ သည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် ဂုဏ်ပြုလွှာများကို ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ပြီး ရင်ထိုးတံဆိပ်များ၊ Mask များနှင့် လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်တစ်ဦးနှင့် ပရဟိတအဖွဲ့ ကိုယ်စားလှယ်တစ်ဦးထံ ပေးအပ်ကာ Quarantine Center များရှိ ကိုယ်ဝန်ဆောင် မိခင် (၁၄)ဦး၊ အသက်(၅)နှစ်အောက် ကလေး(၆၇)ဦး၊ အသက်(၆၀) နှင့်အထက် ဘိုးဘွား (၆၀)တို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၄,၂၃၀,၀၀ဝ (ကျပ်လေးဆယ့်နှစ်သိန်း သုံးသောင်းတိတိ)ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံသို့ ပေးအပ်သည်။
အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ယနေ့စစ်တွေမြို့၌ ပေးအပ်သော စေတနာ့ဝန်ထမ်း (၃၆၄)ဦး၊ ပရဟိတအဖွဲ့ (၃၇)ဖွဲ့တို့အတွက် ဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။
ယနေ့ ရခိုင်ပြည်နယ်အတွင်း ဂုဏ်ပြုလွှာများပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေး လိုက်နာရန်ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


