စစ်တွေ ၁၈ ဇူလိုင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားရေး၊ ယာယီတိုက်ပွဲရှောင် စခန်းများတွင် ပံ့ပိုးကူညီရေးနှင့် ကိုဗစ်-၁၉ လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည် ဖော်ရေးဗဟိုကော်မတီအောက်ရှိ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးလုပ်ငန်းကော်မတီတို့က ပြည်နယ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်လုပ်ငန်းများ၊ UEHRD ကော်မတီက မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်များတွင် တစ်ဖက်နိုင်ငံသို့ထွက်ခွာသွား ခြင်းမရှိဘဲ ဒေသတွင်း ပြောင်းရွှေ့နေထိုင်ရသူများအား ပြန်လည်နေရာချထားရေး ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDP စခန်း ပြန်လည်နေရာ ချထားရေးနှင့်ပတ်သက်၍ ဒေသဖွံ့ဖြိုးရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် အတွင်း လတ်တလော ပဋိပက္ခဖြစ်စဉ်များကြောင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ယာယီခိုလှုံရာ စခန်းများ တည်ဆောက်ခြင်း၊ ထောက်ပံ့ကူညီမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှုများ၊ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် Quarantine Center များ ထားရှိဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက် များ၊ တိုက်ပွဲရှောင်စခန်းများနှင့် IDP စခန်းများတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး အတွက် ပံ့ပိုးကူညီပေးမှုများ၊ နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေး ပြန်လည်ကုစားရေးအစီအစဉ်တွင် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှု မရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


