နေပြည်တော် ၂၉ ဇန်နဝါရီ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းစီမံချက်များအပေါ် သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင်တွင် အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်နေကြပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ရရှိသည့် အတွေ့အကြုံများမှ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ဖော်ထုတ်လာနိုင်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်၊ IDP စခန်းများပိတ်သိမ်းရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကဏ္ဍများသည် အရေးကြီးသော လုပ်ငန်းများဖြစ်ကြောင်း၊ ထို့အတူ လူမှုသဟဇာတဖြစ်ရေး (Social Cohesion) သည် အရေးကြီးပါကြောင်း၊ ထိုကဏ္ဍများတွင် အမှန်တကယ် တိုးတက်ပြောင်းလဲနေမှုများ ရရှိအောင်ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ ဆောင်ရွက်သည့်အခါတွင် ထိရောက်သောရလဒ်များ ရရှိရေးအတွက် Target များ ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပမှ တုံ့ပြန်မှုများကိုလည်း အလေးထားရန် လိုပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်းပြီး လုပ်ငန်းစီမံချက်များ အတိုင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် ပြောင်းလဲတိုးတက်မှုများကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများမှ ရရှိလာသည့်ရလဒ်များကို ပြည်သူသို့ (၄)လတစ်ကြိမ် အစီရင်ခံစာတင်ပြလျက်ရှိရာ (၄) ကြိမ်မြောက် အစီရင်ခံစာကို တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများအနက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပစေတနာရှင် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရန် လိုအပ်သောကဏ္ဍများတွင် အစိုးရက ဦးဆောင်ပြီး အဖွဲ့အစည်းများက လိုအပ်ချက်များအပေါ် ပူးပေါင်းပါဝင်သည့်ဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်အစိုးရမှ ရေးဆွဲထားသော လုပ်ငန်းအစီအစဉ်များနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ကြောင်း၊ လက်ရှိ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် အခြေအနေများကို သိမ်သိမ်မွေ့မွေ့ဖြင့် ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းစီမံချက်များကို ထိရောက်စွာဆောင်ရွက်လျှင် တိုးတက်မှု အခြေအနေများကို တိတိကျကျ ခိုင်ခိုင်မာမာဖော်ပြနိုင်မည်ဖြစ်ပြီး ဆောင်ရွက်မှုများ ပိုမိုပေါ်လွင်နိုင်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လုပ်ငန်းစီမံချက်များအပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
(သတင်းစဉ်)