နေပြည်တော် ၂၇ အောက်တိုဘာ
ရခိုင်ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ UN အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံပွဲ အခမ်းအနားကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီအဖွဲ့ဝင် ဦးတိုးအောင်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်မှုများ သည် ရခိုင်ပြည်နယ်တစ်ခုလုံးအတွက်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်နယ်ရှိဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် လည်း အရေးကြီးပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ လက်တွေ့မြေပြင်တွင် ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့အနေဖြင့် အခက်အခဲများကို ဖြေရှင်းပေးလျက်ရှိကြောင်း၊ မိမိတို့၏ဆောင်ရွက်မှုများသည် အပြုသဘောဆောင်ပြီး တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက် အကူပြုရန် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် ယခုကဲ့သို့ပဋိပက္ခများဖြစ်ပွား နေသောအချိန်တွင် အခက်အခဲများကြားမှ အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေကြသည့် အတွက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဥက္ကဌ ပြည်နယ်လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် နေရာဒေသအများစုကို ခွင့်ပြုပေးထားကြောင်း၊ သွားလာခွင့်အချို့၌လုံခြုံရေးအရ UN အဖွဲ့အစည်းများအား ကန့်သတ်ထားခြင်းဖြစ်ပြီး ထောက်ပံ့မှုများကိုလည်း တိုက်ပွဲရှောင်ပြည်သူများအတွက် ထိရောက်စွာ ထောက်ပံ့ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် UEHRD အဖွဲ့ဝင် ဦးတိုးအောင်က ပြန်လည်နေရာချထားရေးအတွက် လိုအပ်လျက်ရှိသည့်အခြေအနေများကို UN အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရ၏ လုပ် ဆောင်ထားရှိမှုများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဆက်လက်ပူပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံး, UNHCR,UNDP, Red Cross Movement(MRCS,ICRC နှင့် IFRC),UNOCHA တို့မှ ကိုယ်စားလှယ်များက နိုင်ငံတော်အစိုးရ နှင့် ပူပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသောလုပ်ငန်းများ၊ စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် မိမိတို့အနေ ဖြင့် UN အဖွဲ့အစည်းများနှင့် နှစ်ပေါင်းများစွာပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့် MoU ရေးထိုး ဆောင်ရွက်သည့်လုပ်ငန်းများသာမက မိတ်ဆွေနိုင်ငံများက ထောက်ပံ့မှုများကို လည်း UN အဖွဲ့အစည်းများကပူပေါင်းဆောင်ရွက်ကြသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ Red Cross Movement သည် လက်ရှိအခြေအနေတွင် အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေသည့် အတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
(သတင်းစဉ်)


